၁၆.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အပေါ် အသရေဖျက်မှုနဲ့ သိက္ခာချမှုတို့အတွက် New York Times သတင်းစာကို အမေရိကန် ဒေါ်လာ ၁၅ ဘီလျံ (ပေါင်စတာလင် ၁၁ ဘီလျံ) နဲ့ တရားစွဲမယ်လို့ စက်တင်ဘာလ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။
“နယူးယောက်တိုင်းမ်စ်ကို ကျွန်တော့်အပေါ် လွတ်လပ်စွာ လိမ်ညာ၊ အပုပ်ချ၊ အသရေဖျက်ဖို့ ခွင့်ပြုထားတာ ကြာနေပြီ။ ခုတော့အဲဒါက ရပ်သွားပြီ။ အခုပဲ” လို့ ထရမ့်ပ်က သူ့ရဲ့ လူမှုမီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truth Social မှာ စက်တင်ဘာလ ၁၅ ရက်က တင်ခဲ့တာပါ။
ထရမ့်ပ်က ၂၀၂၄ ခုနှစ်သမ္မတရွေးကောက်ပွဲကာလမှာ ဒီမိုကရက်ပါတီသမ္မတလောင်း ကာမာလာဟားရစ်အပေါ် New York Times ရဲ့ထောက်ခံချက်ကို ထုတ်နုတ်ပြောကြားပြီး ဒီသတင်းစာက အဲဒီကတည်းက အစွန်းရောက်လက်ဝဲဒီမိုကရက်တစ်ပါတီအတွက် အာဘော်ဖြစ်နေခဲ့တာလို့ ပြောခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်တွေရဲ့ အမာခံနယ်မြေတစ်ခုဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်မှာ သူ့ရဲ့တရားစွဲဆိုမှုကို စတင်ခဲ့တယ်လို့ ထရမ့်ပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ထရမ့်က လက်ဝဲယိမ်းမီဒီယာတွေအနေနဲ့ သူ့ရဲ့ သမ္မတတာဝန်ထမ်းဆောင်မှု နှစ်ခြိုက်ထောက်ခံမှုမရှိခဲ့ကြတဲ့အပေါ် မကျေမနပ်ဖြစ်နေတာ ကြာပြီလို့ဆိုရမှာပါ။
စက်တင်ဘာလ ၁၅ ရက် ညပိုင်းက ပို့စ်တစ်ခုမှာတော့ ထရမ့်ပ်က သူ့ရဲ့ ရွေးကောက်ပွဲပြိုင်ဘက် ကာမာလာဟားရစ်ကို New York Times က ထောက်ခံမှုကို အထူးပြောကြားခဲ့ပြီး “ဒီသတင်းစာက ထောက်ခံခဲ့ပုံဆိုရင် ဟားရစ်နဲ့ပတ်သက်လို့ ရှေ့ဆုံးစာမျက်နှာအလယ်မှာ အသေအချာထား ဖော်ပြခဲ့ပြီး၊ ဒါမျိုး အရင်ကတစ်ခါမှ မကြားဘူးတာလည်း ဖြစ်တယ်” လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ထရမ့်ပ်က တခြားမီဒီယာတွေ ဒါမှမဟုတ် ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း သူ့ကို လွန်စွာခေတ်မီဆန်းပြားသော စာရွက်စာတမ်းစနစ်နဲ့ အမြင်အာရုံပြောင်းလဲမှုတွေကတစ်ဆင့် အပုပ်ချဆောင်ရွက်ခဲ့ကြတယ်လို့ ပို့စ်မှာ စွပ်စွဲခဲ့ပါသေးတယ်။
New York Times သတင်းစာကို တရားစွဲဖို့ ထရမ့်ပ်က ကြိုးစားခဲ့တာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ထရမ့်ပ်က ၂၀၂၃ ခုနှစ်မှာလည်း သမ္မတဟောင်းတစ်ဦးအဖြစ်ရှိစဉ် New York Times သတင်းစာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး တရားစွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီတုံးက တရားသူကြီးတစ်ဦးက ထရမ့်ပ် တင်သွင်းတဲ့တရားစွဲဆိုမှုကို ပယ်ချခဲ့ပါတယ်။
တစ်ဖန် ဒေါ်လာ သန်း ၁၀၀ (ပေါင်စတာလင် ၇၉ သန်း) ရလိုမှုနဲ့ တရားစွဲမှုတုန်းကလည်း သတင်းစာဟာ ထရမ့်ပ်နဲ့ သူစိမ်းတွေလို ခပ်တန်းတန်းနေတဲ့ တူမလေး မေရီထရမ့်ပ်နဲ့ ပူးပေါင်းပြီး သူ့ရဲ့ အခွန်မှတ်တမ်းတွေ ရယူဖို့ လျှို့ဝှက်ကြံစည်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အမှုကို ၂၀၂၁ ခုနှစ်မှာ တင်သွင်းခဲ့ပြီး ထရမ့်ပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူလစ်ဇ်ဇာဆုရစီးရီးတစ်ခုနဲ့ ဆက်စပ်နေပါတယ်။
ထရမ့်က သူ့ကို အဒေါ့ဖ်ဟစ်တလာနှင့် ခိုင်းနှိုင်းတယ်လို့ စွပ်စွဲကာ CNN သတင်းဌာနကိုလည်း အသရေဖျက်မှုနဲ့ ဒေါ်လာ ၄၇၅ သန်း (ပေါင် ၃၆၉ သန်း)ရလိုမှုနဲ့ တရားစွဲဖို့ ၂၀၂၃ ခုနှစ်က ကြိုးစားခဲ့သေးပေမယ့် ပြည်ထောင်စုတရားသူကြီးတစ်ဦးက ပယ်ချခဲ့ပါသေးတယ်။
Ref- BBC
