၁၆.၉.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အတုအယောင် ရေလွှမ်းမိုးမှုထိန်းချုပ်ရေး စီမံကိန်းတွေ ပါ၀င်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအပေါ် ဒေါသထွက်နေကြတဲ့ ပြည်သူတွေက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတဲ့အတွက် ဒီဆန္ဒပြ ပြည်သူတွေကို သူ့အနေနဲ့ အပြစ်တင်စရာမရှိဘူးလို့ စက်တင်ဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။
အခြေခံအဆောက်အအုံဆိုင်ရာ အဆိုပါအရှုပ်တော်ပုံက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာတော့ မနီလာမြို့တော်မှာ နေရာအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်စေခဲ့တာပါ။ ဒီထဲမှာ ဖိလစ်ပိုင် တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသား ၃,၀၀၀ ခန့်ပါဝင်တဲ့ ဆန္ဒပြပွဲလည်း အပါအဝင်ပါ။
အခုအချိန်အထိ ဆန္ဒပြပွဲအများစုက အင်အားသေးငယ်တယ်လို့ ဆိုရမှာဖြစ်ပေမယ့် မားကို့စ်ရဲ့ ဖခင် သမ္မတဟောင်း ဖာဒီနန်မားကို့စ် စီနီယာက ၁၉၇၂ ခုနှစ် စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ ဆက်စပ်တဲ့ နှစ်စဉ်ဆန္ဒပြမှုကို စက်တင်ဘာလ ၂၁ ရက်မှာ ပြုလုပ်တဲ့အခါမှာတော့ လူအများအပြား ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဖိလစ်ပိုင်စစ်တပ်ကိုတော့ ကြိုတင်သတိရှိမှု အနီရောင်အဆင့်အထိ သတိပေးတပ်လှန့်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားရုံးချုပ် တရားရေးဌာနရဲ့ တရားသူကြီးဟောင်းတစ်ဦးကို မားကို့စ်က အများပြည်သူရဲ့ ဒေါသဟာ တရားမျှတတယ်လို့ ပြောကြားခဲ့ပါတယ်။
“ခင်ဗျားတို့ စိတ်ဆိုးတာကိုပြဖို့၊ ဒေါသထွက်နေတာကိုပြဖို့၊ စိတ်ပျက်နေတာကိုပြဖို့၊ တရားမျှတမှုကို လိုချင်တယ်ဆိုတာပြသဖို့……..ခုလိုဆန္ဒပြတယ်ဆိုရင် အဲဒါကို မှားနေတယ်လို့ ခင်ဗျားတို့ဆိုနိုင်မလား။ ဒီတော့ ဆန္ဒပြပွဲမှာပါဝင်တဲ့သူတွေကို ကျွန်တော် တစ်နည်းနည်းနဲ့ အပြစ်တင်ဖို့ မရှိပါဘူး” လို့ မားကို့စ်က ဆက်လက်ပြောခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအတွက် တရားရုံးကြားနာမှုတွေမှာ သက်သေခံတွေက အမည်တင်သွင်းခဲ့တဲ့ သူ့ရဲ့ဝမ်းကွဲညီအစ်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ မာတင် ရိုမျူဒက်ဇ်နဲ့ပတ်သက်လို့မေးမြန်းရာမှာတော့ မားကို့စ်က သူငယ်ချင်းတွေနဲ့ မဟာမိတ်တွေက တစ်စုံတစ်ရာစုံစမ်းမှုမပြုဘူးလို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကတိပြုခဲ့တယ်ဆိုတာ ထပ်လောင်းပြောခဲ့ပါတယ်။
ရိုမျူဒက်ဇ်ကတော့ ဒီအရှုပ်တော်ပုံမှာ သူ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပြီး သူက ကျယ်ပြန့်လာတဲ့ အရှုပ်တော်ပုံအတွင်း မီးမောင်းထိုးပြခံထားရတဲ့ လွှတ်တော်အမတ် အများအပြားထဲမှ တစ်ဦးလို့ ဆိုရမှာပါ။
Ref- CNA



