၁၆ .၉ .၂၀၂၅
Written by Hey Mar
လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦး လုပ်ငန်းခွင်ဆောင်ရွက်ရာ နေရာမှာ ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးနေတာကို စည်ပင်ဝန်ထမ်းတချို့က ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မနက် အစောပိုင်းကတွေ့ရှိပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့ရဲ့ လူလတ်တန်းစားအများစုနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ တောင်ဥက္ကလာ အခြေစိုက် မေတ္တာ သီတာရေစင် လူမှုကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
သေဆုံးသူ လုံခြုံရေးဝန်ထမ်းအမျိုးသားဟာ အသက် ၃၀ ကျော် ၄၀ ဝန်းကျင်ဖြစ်ပြီး သူ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အဆောက်အဦငယ်အတွင်းမှာပဲ မီးကြိုးခွေက ကြိုးကို အသုံးပြုပြီး စီရင်ခဲ့တာဖြစ်ပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မေတ္တာ သီတာရေစင် ပရဟိတအသင်းမှတာဝန်ရှိသူက “သူ့ကို မနက်အစော အမှိုက်ရှင်းလင်းဖို့ တာဝန်ကျတဲ့ စည်ပင်လုပ်သားတွေက တွေ့ပြီး မနက်လေးနာရီလောက် ရဲစခန်းကို အကြောင်းကြားတာ။ ရဲစခန်းကလည်း ရုပ်အလောင်းသယ်ရမှာမို့ ကျွန်တော်တို့ကို ဆက်သွယ်ခေါ်ယူလို့ သွားကူညီတာပါ။ ရဲတွေ စစ်ဆေးပြီးတော့ အလောင်းဖြုတ်တာကို ကူညီရတယ်။ သူလုံခြုံရေးယူပေးရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီမှာလည်း သူတစ်ဦးတည်းပဲ ရှိတော့ ဘယ်ကို ဆက်သွယ်ရမှန်းမသိဘူး။ နောက်မှ သူ့ခန္ဓာကိုယ်ကို ရှာဖွေရင်း အိတ်ထဲကနေ သူ့ရဲ့ လုံခြုံရေးကုမ္ပဏီကတ်ကို တွေ့လို့ ဆက်သွယ်ပြီးပါပြီ။ မိသားစုနဲ့ ချိတ်ဆက်နိုင်ရေးလည်း ကြိုးစားနေပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်နိုင်ဖို့ မေတ္တာ သီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သင်္ကန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။








