◾️ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မူးယစ်ဆေးဖြန့်ဖြူးမှုများတွင် ဘင်္ဂါလီများက အဓိကဖြန့်ဖြူးနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကလည်း AA ဆီက ရရှိသည့် ယာဘမူးယစ်ဆေးများကို ဖြန့်ဖြူးနေဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က သတင်းစာရှင်းလင်း
သတိုး
၁၆. ၉. ၂၀၂၅
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့သော ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ၏ ထုတ်ပြန်ချက်တွင် ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စိတ်ကြွရူးသွပ်ဆေးပြားဟု ခေါ်ဝေါ်သော မက်သာဖက်တမင်း (Methamphetamine) နှင့် ကဖင်း (Caffeine) တို့ပါဝင်သည့် ယာဘ မူးယစ်ဆေးဖြန့်ဖြူးမှုများတွင် ပါဝင်ပတ်သက်နေကြောင်း ဘင်္ဂလားဒေ့ရှ်၏ “New York Times” သတင်းဌာနဟု တင်စားခေါ်ဝေါ်ခံရသော The Daily Star သတင်းဌာနက ယနေ့ ဖော်ပြလာသည်။
ရာမူစစ်မျက်နှာကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်က Cox’s Bazar ရှိ ဟိုတယ်တစ်ခုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားရာတွင် “ဘင်္ဂါလီတွေဟာ ယာဘ ရောင်းဝယ်မှုမှာ အဓိက မှောင်ခိုသမားတွေ ဖြစ်ပါတယ်။ သူတို့က မူးယစ်ဆေးတွေကို အရမ်းမြန်မြန် သယ်ဆောင်တာကြောင့် ဖမ်းရခက်ပါတယ်။ ကျွန်တော်တို့နိုင်ငံက အကျိုးအမြတ်ကို အဓိကထားတဲ့ မရိုးမသားလူတချို့ဟာ မြန်မာနိုင်ငံက ရခိုင်လက်နက်ကိုင် AA ဆီကနေ ယာဘတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သယ်ဆောင်နေကြပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နယ်စပ်လုံခြုံရေးကို ပိုမိုခိုင်မာစေမည့် အစီအမံသစ်များ၊ BGB ၏ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိမှု အောင်မြင်မှုများကို မီးမောင်းထိုးပြခဲ့သည်။
ရေးသားထားသည့် ထုတ်ပြန်ချက်တွင် ဗိုလ်မှူးကြီး မိုဟီဒူဒင်က ကမ်းရိုးတန်းဒေသများမှတစ်ဆင့် မူးယစ်ဆေးဝါး မှောင်ခိုမှုသည် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
“Ukhiya-Teknaf နယ်စပ်တစ်လျှောက် တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေကြောင့် မှောင်ခိုသမားတွေဟာ ပင်လယ်လမ်းကြောင်းတွေကို ပိုမိုအသုံးပြုလာကြပါတယ်။ ခန့်မှန်းခြေအားဖြင့် မူးယစ်ဆေးဝါး ၈၀ ရာခိုင်နှုန်းနီးပါးဟာ Maheshkhali, Banshkhali, Kutubdia, Anwara နဲ့ Kuakata ကမ်းရိုးတန်းတွေကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်နေပါတယ်။ ဒီလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုသာမက တခြားနိုင်ငံတွေကိုပါ ရောက်ရှိနေတာကြောင့် ကျွန်တော်တို့ရဲ့ လူငယ်တွေနဲ့ စီးပွားရေးကို ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းသည် ဘင်္ဂလားဒေ့ရှ် ရေယာဉ်များ ညအချိန်တွင် မြန်မာ့ရေပိုင်နက်သို့ ဖြတ်ကျော်ဝင်ရောက်နေသည်ကို ပြသသည့် ရေဒါပုံရိပ်များကိုလည်း ပြသခဲ့သည်။ မူးယစ်ဆေးဝါး မှောင်ခိုမှုကို တားဆီးရန် BGB၊ ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထို့အပြင် Naikhongchhari နယ်စပ်သည်လည်း အားနည်းချက်ရှိနေကြောင်း ၎င်းက ပြောသည်။ “မြေပြင်အနေအထား ခက်ခဲပြီး ဆက်သွယ်ရေးလည်း မကောင်းတဲ့အတွက် ဒီဒေသကို စောင့်ကြည့်ဖို့က အရမ်းကို စိန်ခေါ်မှုကြီးပါတယ်” ဟု BGB ကွပ်ကဲရေးမှူးက ထပ်လောင်းပြောကြားခဲ့သည်။
ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ BGB သည် Cox’s Bazar နှင့် Bandarban ဒေသရှိ နယ်စပ်ဒေသများမှ ယာဘဆေးပြား ၂၈ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကာလအတွင်း အဆင့်မြင့် ရိုင်ဖယ်များအပါအဝင် လက်နက် ၂၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
တစ်ချိန်တည်းတွင် တရားမဝင် လက်နက်မှောင်ခိုမှုကို တားဆီးရန်အတွက် နိုင်ငံ၏ နယ်နိမိတ်တစ်လျှောက် ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း စစ်ဖက်ဆိုင်ရာအဖွဲ့က သီးခြားထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် သုံးလအတွင်း ဖမ်းဆီးရမိမှုများတွင် ပြည်တွင်းဖြစ်နှင့် ပြည်ပဖြစ် ပစ္စတို ၁၆ လက်၊ ရီဗော်လ်ဘာ ၂ လက်၊ စက်သေနတ်ငယ် (SMG) ၂ လက်၊ ရိုင်ဖယ် ၅ လက်၊ လက်လုပ်သေနတ် ၁၆ လက်၊ ရိုင်ဖယ် ၃ လက်၊ မော်တာကျည် ၃ လုံး၊ လက်ပစ်ဗုံး ၈ လုံး၊ အခြားလက်နက် ၂၇ မျိုး၊ ကျည်ဘောက် ၂၁ ခုနှင့် ကျည် ၁,၀၀၃ တောင့်တို့ ပါဝင်ခဲ့သည်။
ယခင် NLD အစိုးရဟောင်းလက်ထက်က ရခိုင်ပြည်နယ်အရေးအတွက် အစီရင်ခံစာလုပ်ဆောင်ခဲ့သည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော အာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာတွင် AA နှင့် ARSA လက်နက်ကိုင်တို့၏ မူးယစ်ဆေးဖြန့်ချိမှု ဖော်ပြခဲ့သလို ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နှင့် ဆက်စပ်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံ (ဒေါ်လာသန်း ၁၄၀၀ ကျော်) ရှိခဲ့သည်။
ထို့အပြင် AA အဖွဲ့ဝင်များ ပါဝင်သည့် မူးယစ်ဆေးဖမ်းဆီးရမိမှုများအဖြစ် ယခုနှစ် မတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့သည့် ရခိုင်လက်နက်ကိုင် AA ၏ စီးပွားရေးတာဝန်ခံလင်မယား ဖြန့်ချိလှုပ်ရှားနေသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလို တို့နှင့်အတူ ဖမ်းဆီးရမိခဲ့မှု၊ ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သည့် ရခိုင်အကြမ်းဖက် AA ကို ငွေထောက်ပံ့နေသူ ဦးဆောင်ပါဝင်သော မူးယစ်မှောင်ခိုဂိုဏ်းအား ကျပ် ၈ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့မှု၊ မေလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် AA အဖွဲ့ ရပ်တည်နိုင်ရေးအတွက် မူးယစ်ဆေးများကို ရှမ်းပြည်နယ်က ဝယ်ယူပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ဖြန့်ဖြူးနေသည့် ကျပ်ဘီလျံ ၃၀၀ နီးပါးရှိ မူးယစ်ဆေးများသယ်ယူလာသူ AA ထောက်ပံ့တာဝန်ခံအပါအဝင် လူ ၂၆ ဦး ဖမ်းမိခဲ့မှု၊ ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် AA ကို ဆက်ကြေးပေးပြီး မလေးရှားကို မူးယစ်ဆေး မှောင်ခိုဖြန့်နေသည့် မူးယစ်ဂိုဏ်းအား ကျပ် ဘီလျံ ၂၆၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဖမ်းမိခဲ့မှု၊ စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် AA ၏ မူးယစ်ဆေးဝါးဖြန့်ချိရေးဂိုဏ်းဝင် ၁၆ ဦးအား ကျပ်ဘီလျံ ၁၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဖမ်းမိခဲ့မှု စသည့် မူးယစ်းဆေးအများအပြား ကုန်သွယ်မှုကိုလည်း AA က ကျူးလွန်နေသည်။
Ref, The Daily Star
