၁၆. ၉. ၂၀၂၅
Written by Nyein Kyaw
အကြမ်းဖက်အဖွဲ့အစည်း TNLA ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့သော သမိုင်းအမွေအနှစ် ဂုတ်ထိပ်တံတားအား မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ နောင်ချိုဘူတာဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများကို ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုမှ သိရသည်။

သမိုင်းအမွေအနှစ်တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
တံတားကြီးနှင့် ကပ်လျက် ပေ ၃၅၀ အရှည်ရှိ ဥမင်လိုဏ်ခေါင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးထားသည့် ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးများ၊ မိုင်းဖောက်ခွဲရန် စီစဉ်ထားခဲ့သည့်နေရာများကို ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်မှ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။
ထို့နောက် ဂုတ်ထိပ်ဘူတာရုံ၌ သီးသန့်ထိန်းသိမ်းပြသထားသည့် ဂုတ်ထိပ်တံတား စတင်တည်ဆောက်ခဲ့စဉ်က ရှားပါးမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကာ ဘူတာဝန်ထမ်းများနှင့် တံတားမွမ်းမံပြင်ဆင်ရေး တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများ၊ နောင်ချိုမြို့၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် သီးခြားစီတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား မန္တလေး-လားရှိုး ရထားလမ်းကြောင်းပေါ်၌ ပေ ၂၂၀၀ ကျော် ရှည်လျား၍ ပေ ၅၀၀ ခန့်နက်သည့် လျှိုချောက်ကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ် ဖောက်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါ တံတားကြီးကို လန်ဒန်မြို့ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲ၍ အမေရိကန်ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Construction Co., က ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သဖြင့် ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့၍ ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီဖြစ်သည်။
တံတားအရှည်ပေ ၂၂၆၀ ခန့်၊ တံတား သံမဏိတိုင်အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင်မှ ရထားသံလမ်းမျက်နှာပြင်အထိ အမြင့် ၈၂၅ ပေခန့် မြင့်မားသောကြောင့် ၎င်းကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သံနှင့်သံမဏိတန်ချိန် ၄၃၁၁ တန်၊ သံမှိုတစ်သန်းခန့် သုံးစွဲထားပြီး မတ်စောက်သည့် တောင်စောင်းများအကြား ခက်ခဲစွာတည်ဆောက်ထားခြင်းဖြစ်သောကြောင့် မီးရထားဖြင့် လိုက်ပါစီးနင်းလျှင် တွေ့မြင်ရသည့် သံမဏိတံတားနှင့် ပတ်ဝန်းကျင်ရှုခင်းအလှအပမှာ လွန်စွာကျော်ကြားပြီး မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဖွယ်ရာ အံ့မခန်းထင်ရှားသည့် တံတားတစ်စင်းဖြစ်သည်။
အဆိုပါတံတားကို ဩဂုတ် ၂၄ ရက်က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (TNLA)က မိုက်မဲစွာ မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည်ကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြအသိပေးခဲ့ပြီး ထိုသို့ TNLA နှင့် MDY PDF တို့ သိမ်းယူပြီးနောက် တပ်မတော်လာရောက် မတိုက်ခိုက်နိုင်အောင် ဖောက်ခွဲဖျက်ဆီး စခန်းချထားသည့် ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်တံတားနေရာများကို တပ်မတော်စစ်ကြောင်းများက ဩဂုတ် ၂၉ ရက်တွက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
