◾️ စပါး/ဆန် ဝယ်ယူမှုများကိုအင်တိုက်အားတိုက် ဆောင်ရွက်ပေးရန်နှင့် အဆိုပါ ကိစ္စရပ်များအပေါ် ငွေကြေး/လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ပါက အသင်းချုပ်သို့ တင်ပြနိုင်
၁၄. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်း၌ စပါးနှင့်ဆန်ဈေးနှုန်းများ ကျဆင်းနေ၍ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ လစဉ််ဆန်တန်ချိန် နှစ်သိန်းသာ တင်ပို့နေရာမှ အောက်တိုဘာလမှစတင်ကာ လစဉ်ဆန်တန်ချိန် သုံးသိန်းအထိ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၊ ကောက်စောစပါး အနည်းငယ် စတင်ပေါ်ထွက်နေပြီး ဒေသအချို့တွင် စပါး/ဆန် ဝယ်လိုအား ကျဆင်းနေ၍ ဈေးနှုန်းများ ကျဆင်းကာ စပါးစိုက်တောင်သူလယ်သမားများ စိုးရိမ်ပူပန်နေရကြောင်း၊ တောင်သူလယ်သမားများ၏ဝင်ငွေ ထိခိုက်နိုင်ကြောင်း သုံးသပ်တင်ပြချက်များ လက်ရှိ ပေါ်ထွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဩဂုတ်လကုန်အထိ တစ်လလျှင် ဆန်တန်ချိန်နှစ်သိန်း ပုံမှန်တင်ပို့နေပြီး၊ စက်တင်ဘာလတွင် တန်ချိန်နှစ်သိန်း၊ အောက်တိုဘာလမှစ၍ ၂ဝ၂၆ ခုနှစ်၊ မတ်လအထိ နောက်ပိုင်းလများတွင် တစ်လလျှင် တန်ချိန်သုံးသိန်းစီ ပြည်ပတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတကာဆန်ဈေးနှုန်းများသည် ကျဆင်းခဲ့သော်လည်း ယခုအချိန်ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် ထပ်မံကျဆင်းရန် မဖြစ်နိုင်တော့ကြောင်း နိုင်ငံတကာ ဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်ကြကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ပို့ကုန်ဆောင်ရွက်နေသည့် Exporter ကုမ္ပဏီကြီးများအနေဖြင့် မိမိတို့၏ ပုံမှန်ဝယ်ယူနေသော ဒေသရှိ နယ်စက်ပိုင်/ နယ်ကုန်သည်များနှင့် ချိတ်ဆက်၍ တောင်သူများထံမှ စပါး/ ဆန် ဝယ်ယူမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးရန် အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ဝယ်ယူမှု၊ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူပို့ဆောင်မှု၊ ဆန်ကြိတ်ခွဲမှု၊ ပြည်ပတင်ပို့မှု စသည့် ကိစ္စရပ်များအပေါ် ငွေကြေး/ လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ပါက အသင်းချုပ်သို့ အချိန်နှင့်အညီ ချိတ်ဆက်တင်ပြပေးပါရန် လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်းပြုစုထားရှိပေးနိုင်ပါရန် လည်းကောင်း၊ အဆိုပါ စပါး/ဆန် ဝယ်ယူစုဆောင်းမှုမှတ်တမ်းကို အသင်းချုပ်၏ [email protected] သို့ အပတ်စဉ် သောကြာနေ့တိုင်း ပေးပို့ပေးရန်အတွက် လည်းကောင်း အလေးအနက်ထား၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ညှိနှိုင်းအသိပေး အကြောင်းကြားထားသည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားမှုကြောင့် လစဉ်ပုံမှန် ဆန်တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့လျက်ရှိရာ ဘဏ္ဍာနှစ်အစ ဧပြီလမှ ဩဂုတ်လအထိ ငါးလအတွင်း ပြည်ပသို့ တန်ချိန်တစ်သန်းကျော် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၃၅၅ သန်းရရှိခဲ့သည်။ ပြည်တွင်း စပါး/ဆန်ဈေးများ ကျဆင်းနေ၍ ပြည်ပသို့ လစဉ်ဆန်တန်ချိန် နှစ်သိန်းတင်ပို့မှု လစဉ်တန်ချိန် သုံးသိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။
