၁၄. ၉. ၂၀၂၅
Written by Nay Moe
ယာထဲသို့ အလုပ်လုပ်ရန်လာသည့် ပေါင်းတည်မြို့နယ်၊ ပန်းသင်းရွာမှ လက်နက်မဲ့အမျိုးသားတစ်ဦးကို ပျူစောထီးဟု တံဆိပ်ကပ်ကာ ပေါင်းတည် PDF အဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)ကွပ်ကဲမှု့အောက်ရှိ ၃၆ဝ၁ တပ်ရင်း တပ်ခွဲ(၂) က စောင့်ကြို ချောင်းမြောင်း သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သော ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဝန်ခံထားသည်။

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပန်းသင်းပင်ရွာနေ ဦးအေးမင်းထွန်းအား စက်တင်ဘာ ၁၁ ရက် နံနက် (၇) နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁)ကွပ်ကဲမှု့အောက်ရှိ ၃၆ဝ၁ တပ်ရင်း တပ်ခွဲ(၂)မှ ယာထဲသို့အလာ ပန်းသင်းပင်ရွာအပြင်ဘက်၌ စောင့်ကြို ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်ရာ ဦးအေးမင်းထွန်းမှာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ရရှာသည်။
ဦးအေးမင်းထွန်းမှာ ပျူစောထီး (ပြည်သူ့စစ်) ဖြစ်ကြောင်း၊ အနားနီးပါးရွာများမှ ပြည်သူများအား ကိုင်းသတ်ဆေးပုံး၊ ဆန်၊ ဆီ၊ ငါးနှင့်အခြားဟင်းမျိုးစုံတို့ကို လိုချင်တာအကုန်သိမ်းပြီး ပြည်သူကိုဒုက္ခအမျိုးမျိုးပေးနေသောကြောင့် သတ်ဖြတ်သည်ဟု ကျူးလွန်သော ပေါင်းတည် PDF က အကြောင်းပြချက် ပေးသော်လည်း ထိုစွပ်စွဲချက်များအပေါ် ပေါင်းတည် PDF က သက်သေမပြနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
