၁၃. ၉. ၂၀၂၅
Written by Phyo Wei
ငလျင်ဒဏ်သင့်နယ်မြေဒေသတွေ ပြန်လည် ထူထောင်ရေးရန်ပုံငွေကို လျှောက်ထားရမယ့် ဦးစားပေးကဏ္ဍထဲက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဒီစက်တင်ဘာလကနေ စတင်လျှောက်ထားနိုင်ပြီလို့ ပြောလာမှုနဲ့အတူပဲစီးပွားရေးဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ လျှပ်စစ်ကဏ္ဍက မန္တလေးငလျင်ကြီးကြောင့် ကျပ် ၁၅၃ ဘီလျံကျော်ဆုံးရှုံးခဲ့ရတယ်ဆိုတာကို သိခဲ့ရပြန်ပါတယ်။
အခြားတစ်ဖက်မှာလည်း စီချွမ်နှင့် မန္တလေး၊ ချန်ဒူးနဲ့ ရန်ကုန်အကြား စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများစွာ ရေးထိုးမယ်ဆိုတာတွေ၊ စင်ကာပူအခြေစိုက် Nine Communications က Ooredoo ကို ဝယ်ယူတယ်လို့ သတင်းထွက်ပြီး နှစ်နစ်ကျော်အကြာ Ooredoo Myanmar ကို U9 အမည်ပြောင်းလဲမယ်လို့ ကြေညာလာတာ၊ ဒီဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန်တစ်သန်းကျော် တင်ပို့နိုင်မှုက နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၃၅၅ သန်းရရှိခဲ့တာ၊ မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးရေးထုတ်ကုန်တွေထဲကနေထုတ်ကုန်ငါးမျိုးကို ရွေးချယ်ပြီး ဘယ်လာရုစ်နိုင်ငံကို တင်ပို့နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ပြောကြားလာတာအပြင် နိုင်ငံအတွင်း စားသုံးဆီတွေ လုံလောက်စွာထုတ်လုပ်နိုင်ရေး တိုက်တွန်းခဲ့ပေမယ့်လည်းလက်ရှိအချိန်အထိ လုံလောက်မှုမရှိလို့ ဆီထွက်သီးနှံတွေစိုက်ပျိုးတဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ အလေးထား ဆောင်ရွက်ဖို့ ယာယီသမ္မတ ပြောကြားလာတဲ့ဖြစ်စဉ်တွေ ရှိပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် တရုတ်လုပ်ငန်းရှင်တွေက တရုတ်ယွမ်နဲ့ မြှုပ်နှံချင်တဲ့အကြောင်း၊ တိုးတက်လာတဲ့ ကုန်ထုတ် လုပ်ငန်းတွေအကြောင်းနဲ့ ပြည်သူတွေ ကုန်စျေးနှုန်း ဖိစီးစေခဲ့ပေမယ့် လက်ရှိအချိန် ပြန်ပွင့်တော့မယ့် ထိုင်းကုန်သွယ်ရေးလမ်းတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ တရုတ်ယွမ်နဲ့ မြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ်လုပ်ငန်းရှင်တွေက တရုတ်ယွမ်နဲ့ မြှုပ်နှံချင်တဲ့အကြောင်း တောင်းဆို ခဲ့သလို ဒီလိုတောင်းဆိုခဲ့ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာ တွေ့ရပြီး မိမိတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြန့်ကြာမှုမရှိစေရေး ပြန်လည်စိစစ် ဆောင်ရွက်ဖို့လိုအပ်သလို ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်မံဝင်ရောက်လာနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားဖို့၊ ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံလိုသူတွေက တရုတ်ယွမ်ငွေနဲ့ ရင်းနှီးမြှုပ်နှံလိုကြတာကို သိရှိခဲ့ရသလို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ဒေါ်လာနဲ့သာမက ယွမ်နဲ့ပါ ဆောင်ရွက်နိုင်မယ်ဆို ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာပြီး နိုင်ငံ့အတွက် များစွာအကျိုးရှိမှာဖြစ်တာကြောင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကို ယွမ်နဲ့ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားဖို့ ညွှန်ကြားလာတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုတွေကို Risk ယူမြှုပ်နှံရဲတဲ့နိုင်ငံဖြစ်ပြီး တစ်ချိန်တုန်းကမြန်မာနိုင်ငံမှာ နံပါတ် (၁) မြှုပ်နှံသူဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံရဲ့ မြှုပ်နှံမှုက ဒေါ်လာ ၂၆ ဘီလျံဝန်းကျင်နဲ့ မြန်မာ့ဒုတိယအများဆုံးနိုင်ငံဖြစ်နေပေမယ့် ဒီနောက်ပိုင်းမှာ တရုတ်လုပ်ငန်းရှင်တွေ မြှုပ်နှံမှုလျော့ကျနေတာ ဆယ်စုနှစ်တစ်စုနီးနီးရှိတော့မှာပါ။ ဘာကြောင့် မြှုပ်နှံမှုလျော့ကျသွားတာလဲဆိုရင် အစိုးရချင်းအကြား မပြေလည်မှုတွေ၊ နိုင်ငံရေးအကူးအပြောင်းမှာ NUG၊ PDF နဲ့ EAO တို့ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေနဲ့ သူတို့ထောက်ခံသူတွေရဲ့ တရုတ်မုန်းတီးမှု စိတ်ဓာတ်တွေ၊ စီမံကိန်းတွေလုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိ မမျှတဘူးလို့ ထင်မြင်မှုတွေကြောင့် ကျဆင်းနေခဲ့တာလို့ သုံးသပ်ရမှာပါ။
လက်ရှိအချိန်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်နဲ့အတူ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပြန်လည်မြင့်တက်လာတာကြောင့် တရုတ်လုပ်ငန်းရှင်တွေက တရုတ်ယွမ်နဲ့ မြှုပ်နှံဖို့အထိ ပြင်ဆင်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဒေါ်လာအထူးပြုသုံးစွဲတာလျှော့ချချင်လို့ ယွမ်ကျပ်၊ ဘတ်ကျပ်၊ ရူပီးကျပ် စသလို လုပ်ဆောင်နေတဲ့ နိုင်ငံတွေအကြားမှာ ဒေါ်လာနဲ့မှ မြှုပ်နှံရမယ်ဆိုတာမျိုးက လွဲနေတဲ့သဘောလည်းမြင်ရတာမို့လို့ တရုတ်ယွမ်နဲ့ မြှုပ်နှံမှုသာမက နှစ်နိုင်ငံအကြားမှာ တရားဝင်လဲလှယ်ကုန်သွယ်ခွင့်ပြုထားတဲ့ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံက မြှုပ်နှံသူတွေကိုလည်း အခွင့်အရေးတန်းတူပေးရမယ်လို့ မြင်ပါတယ်။ ဒေါ်လာကို အထူးပြုသုံးလို့၊ ဒေါ်လာနဲ့ စျေးဆွဲတင်လို့ ဒေါ်လာကို အထူးပြုမသုံးချင်ဘူးဆိုရင် ဒီလိုလုပ်ချင်တာ အောင်မြင်ဖို့ အခြားနိုင်ငံက ငွေကြေးတွေကို တရားဝင် မြှုပ်နှံ ကုန်သွယ်ခွင့် အလုံးစုံပေးအပ်လိုက်မှပဲ လိုချင်တဲ့ Dedollarization လို့ သုံးနှုန်းတဲ့ “အမေရိကန်ဒေါ်လာအပေါ် မှီခိုသုံးစွဲမှု လျှော့ချခြင်း”ပန်းတိုင်ကို လှမ်းနိုင်မှာပါ။ ဒါကြောင့် FDI ပြန်တက်ချင်တယ်ဆိုရင် တရုတ်ယွမ် အပါအဝင် အခြားသောငွေကြေးတွေနဲ့ မြှုပ်နှံမှုခွင့်ပြုပေးဖို့အပြင် တခြားအချက်တွေအဖြစ် PDF နဲ့ လက်နက်ကိုင်ရန်က ကာကွယ်နိုင်ဖို့၊ လျှပ်စစ်မီးမှန်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ စတာတွေနဲ့ အဓိကအချက်အဖြစ် ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြီးဆုံး အတားအဆီးဖြစ်နေတဲ့ မြန်မာ့မြေစျေးက တစ်ပေပတ်လည်ကို ကျပ် သိန်း ၅၀ လောက်အထိ စျေးခေါ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူတွေ မြေစျေးကြားတာနဲ့ ထွက်ပြေးချင်တဲ့ အခြေအနေအထိ ဖြစ်နေတာကိုလည်း အစိုးရက ဖြေရှင်းဖို့ ကြိုးပမ်းရပါလိမ့်မယ်။
◾ တိုးတက်လာတဲ့ ကုန်ထုတ်လုပ်ငန်း
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးက ကုန်ထုတ်လုပ်ရေးအခြေအနေတွေ တိုးတက်မှုရှိခဲ့ပြီး ဒီ ၂၀၂၅ ခုနှစ်အတွင်း ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း ၅၀ အထက်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံက Nikkei ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြထားပါတယ်။ လေးလဆက်တိုက် မြင့်တက်မှုနဲ့အတူ မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ၄၉ ဒသမ ၅ ရှိခဲ့ရာကနေ ဩဂုတ်လမှာ ၅၀ ဒသမ ၄ အထိ တိုးတက်မှုရှိခဲ့သလို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကဏ္ဍအခြေအနေ ပထမဆုံး တိုးတက်မှုရခြင်းကို အချက်ပြခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ထမ်းအရေအတွက်များစွာ ခိုင်ခိုင်မာမာတိုးလာမှုကလည်း ကုန်ထုတ်လုပ် မှုကဏ္ဍ တိုးတက်မှုကို ဖြစ်စေခဲ့တာဖြစ်ပြီး အလုပ်အကိုင်ဖန်တီးမှုနှုန်းကလည်း စစ်တမ်းသမိုင်းတစ်လျှောက် ပူးတွဲအားအကောင်းဆုံးဖြစ်ခဲ့ကာ ၂၀၂၂ ခုနှစ် ဧပြီလနဲ့ ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ် မေလတို့မှာ တွေ့မြင်ခဲ့ရတဲ့ မြင့်တက်မှုတွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့တယ်လို ဖော်ပြထားတာ တွေ့ရပါတယ်။
“နောက်ဆုံးရ PMI Data က တည်ငြိမ်မှုရနေတဲ့ထုတ်လုပ်ရေးနဲ့ ဝယ်လိုအားအခြေအနေတွေကို ညွှန်ပြခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍက မတ်လမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့်ဖြစ်ခဲ့ရတဲ့ လျော့ကျမှုကနေ ပြန်လည်နာလန်ထလာခဲ့ပုံရပါတယ်။ ဒါ့အပြင် လုပ်ငန်းတွေက အချိန်ပြည့်အလုပ်သမားတွေကို အောင်အောင် မြင်မြင် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းနောက်ပိုင်း ဒုတိယအကြိမ် ဝန်ထမ်းအရေအတွက် မြင့်တက်မှုဖြစ်စေခဲ့ပါတယ်” လို့လည်း S&P Global Market Intelligence ရဲ့ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားခဲ့ပါသေးတယ်။
၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်မစခင် သုံးရက်အလို မတ်လ ၂၈ ရက်မှာ ဒေါ်လာ ဘီလျံများစွာ ဆုံးရှုံးစေတဲ့ မန္တလေးငလျင်ကြီးကြောင့် အဘက်ဘက်က ပြိုလဲနေတဲ့နိုင်ငံတစ်ခုဟာ ပြန်လည်ထူမစရာ ဘာမှရှိမှာမဟုတ်လို့ မြန်မာ့စီးပွားရေးက ဒီဘဏ္ဍာနှစ်မှာ ကျဆင်းမှာလို့တောင် ကမ္ဘာ့ဘဏ်က ခန့်မှန်းခံခဲ့ရတဲ့ နိုင်ငံတစ်ခုဟာ ဘဏ္ဍာနှစ်ဝက်မကျိုးခင် စီးပွားရေးပြန်လည်တည်ငြိမ်မှုကိုတည်ထောင်နိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ တက်ရိပ်မြင်ခဲ့တာဟာ ကျေနပ်စရာပါ။ ဘက်စုံဖိစီးမှုတွေ ပြေလျော့လာပြီး ကုန်စျေးနှုန်းတွေ ပြန်ကျ၊ ဝင်ငွေနဲ့ ထွက်ငွေမျှရင် ပို ကျေနပ်စရာဖြစ်လာမှာဖြစ်ပြီး ဒီလိုမျိုးအခြေအနေကလည်း ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွန်းလာမယ့်အခြေအနေဖြစ်လာတော့မှာမို့လို့ လာမယ့် ၂၀၂၆ ခုနှစ်ဟာ ဧပြီလနောက်ပိုင်းကစ မြန်မာ့လူမှုပတ်ဝန်းကျင်က စစ်ပွဲမလိုချင်တဲ့နေရာတွေအဖို့ သက်သောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်ကို ပိုမိုမြင်တွေ့လာရမယ်လို့ ကြိုတင်နိမိတ်ဖတ်ထားချင်ပါတယ်။
◾ ပြန်ပွင့်တော့မယ့် ထိုင်းကုန်သွယ်ရေးလမ်း
တပ်မတော်စစ်ကြောင်းတွေက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အဓိကကုန်စည်စီးဆင်းရာ လမ်းမကြီးပေါ်မှာရှိတဲ့ KNU နဲ့ PDF တွေကို တိုက်ထုတ်ပြီး ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဇွန်လ ၆ ရက်က အတည်ပြု ထုတ်ပြန်နိုင်ခဲ့မှုဟာ KNU နဲ့ PDF တွေကြောင့် ပြည်တွင်းမှာ ထိုင်းကုန်စည်ပြတ်တောက်နေရတဲ့အခြေအနေတွေ၊ KNU နဲ့ PDF ကို တစ်လ ကျပ်သိန်းလေးသောင်းကျော် ဆက်ကြေးပေးနေရတဲ့ ကုန်သွယ်ရေးလုပ်ငန်းရှင်တွေအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
KNU နဲ့ PDF တွေဟာ ၂၀၂၃ ဒီဇင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲခေါင်းစဥ်အောက်မှာ ကော့ကရိတ်မြို့ကို ဝင်သိမ်းပြီးချိန်ကစ အာရှလမ်းမကြီးကို ပိတ်ထားလိုက်တာကြောင့် ထိုင်းနိုင်ငံကနေ သွင်းကုန်၊ ပို့ကုန်ပို့တဲ့ လုပ်ငန်းတွေဟာ KNU နဲ့ PDF ကို ကားတစ်စီးသိန်းဆယ်ချီ ဖြတ်သန်းခ ဆက်ကြေးပေးနေရတာကြောင့် လစဥ် ကျပ်သိန်းပေါင်း သောင်းချီ အကျိုးအမြတ်ရနေခဲ့သလို ဒီလို ဆက်ကြေးရမှုနောက်မှာ ချမ်းသာကြွယ်ဝလာပြီး အင်အားတိုးချဲ့တည်ဆောက်လာနိုင်ပေမဲ့ ဒီအင်အားတိုးချဲ့မှုနောက်ကပါလာတဲ့ စစ်ပွဲနဲ့ ဆက်ကြေးတောင်းမှုကြောင့် မြင့်တက်လာတဲ့ကုန်စျေးနှုန်းဒဏ် ပြည်သူတွေက အဆမတန်ခံနေရတာပါ။ ဒီလုပ်ရပ်ဆိုးဆတွကြောင့် ထိုင်းထုတ်ကုန်တွေဟာဆို ပြည်တွင်းစျေးကွက်မှာ ပြတ်လပ်မှုအပြင် အရင်ထက်လေးဆလောက် စျေးတက်သွားခဲ့တာပါ။ ဒီလိုအခြေအနေတွေအကြားမှာ အင်အားကောင်းလာတဲ့ KNU ဟာ “ဒူးထောက်လာရင်တောင် ငြိမ်းချမ်းရေးမဆွေးနွေးဘူးတို့၊ လေးငါးနှစ်နေရင်တောင် ဒေါနတောင်ကြောကို ကျော်နိုင်မှာ မဟုတ်ဘူးတို့၊ ရွေးကောက်ပွဲကို ဖျက်မယ်၊ အမြစ်ဖြုတ်ပစ်မယ်” တို့ အလွန်အကျွံစကားတွေ ပြောအပြီးမှာ တပ်မတော်က ထိုင်းနယ်စပ်ဂိတ်တွေကို ဩဂုတ် ၁၄ ရက်မှာ ပိတ်ချလိုက်သလို ဩဂုတ် ၂၈ ရက်မှာတော့ KNU နဲ့ KNLA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းကြေညာပြီး ထိုးစစ် တိုက်စစ်မြှင့်ခဲ့ရာမှာတော့ ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက်ကို ဆယ်ရက်မပြည့်ခင် တစ်ပတ်လောက်အတွင်း ပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။ ဒီလို ထိန်းချုပ်ပြီးနောက်ပိုင်းမှာတော့ KNU နဲ့ PDF တွေ ရက်ပေါင်း ၅၀၀ ကျော် အကျိုးအမြတ်ရှာသွားတဲ့ ဒီလမ်းကြောင်းပေါ် လမ်းပိုင်းဖျက်ဆီးခဲ့တာ၊ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တာ၊ စတဲ့ လိုအပ်တာတွေ ပြင်ဆင်ပြီးရင် ထိုင်း- မြန်မာကုန်သွယ်ရေးလမ်းက ပြန်ပွင့်လာတော့မှာပါ။ ဒီလို ပြန်ပွင့်လာချိန်မှာ KNU နဲ့ PDF ကို သိန်း ဆယ်ချီ ဆက်ကြေးပေးရတာ၊ ရိုက်နှက်သတ်ဖြတ်ခံရတာတွေ ရှိတော့မှာမဟုတ်တာကြောင့် ကုန်သွယ်မှုလမ်းကြော ပြန်ပွင့်လာတာနဲ့ တစ်ပြိုင်နက် ကုန်စျေးနှုန်းကျဆင်းပြီး ထိုင်းကုန်စည်တွေ ပြန်ဝင်လာမယ့်အခြေအနေ ပေါ်ထွန်းလာပါလိမ့်မယ်။ ဒီနေရာမှာ လူထုအနေနဲ့ KNU နဲ့ PDF တို့က ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက်ကိုပိတ်ပြီး သတ်ဖြတ်လုယက် ဆက်ကြေးကောက်လို့ ကြုံရတဲ့ အခက်အခဲတွေကို သိမြင်ခဲ့ရပြီဆိုရင် ဒီလို ဆက်ကြေးကောက် သတ်ဖြတ် လုယက်တာတွေ လုပ်နေတဲ့ KNU နဲ့ PDF ကို ဆက်ပြီး မထောက်ခံသင့်တော့ဘူးဆိုတာ၊ ဒီ အာရှလမ်းမကြီးတစ်လျှောက်ကို KNU နဲ့ PDF ပိတ်လိုက်တာက သူတို့ပဲ အကျိုးဖြစ်ထွန်းသွားပြီး နိုင်ငံနဲ့ ပြည်သူက စုတ်ပြတ်ငတ်ပြတ်ကျန်ခဲ့တာ မြင်တတ်တွေးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလို မြင်တတ်တွေးတတ်မှုမရှိဘဲ KNU နဲ့ PDF ကို နီးရာဓားကြောက်ပြီး ဆက်ထောက်ခံနေဦးမယ်ဆိုရင် စစ်သဘာ၀အရ KNU နဲ့ PDF က ဒီလမ်းကြောမှာ အလစ်အငိုက်မှာ တက်ပြီး လုယက်သတ်ဖြတ်၊ ဆက်ကြေးကောက်တာ ပြန်လုပ်မှာဖြစ်လို့ တစ်ခါသေဖူးလို့မှ ပျဉ်ဖိုးနားမလည်သူတွေ ဘ၀တစ်ခုလုံးပျက်အောင် ဆက်ကြေးနဲ့ သတ်ဖြတ်လုယက်နှိပ်စက်မယ့် KNU နဲ့ PDF ဟာ အဲဒီလမ်းကြောနားမှာပဲ သူတို့လက်လွှတ်လိုက်ရတဲ့စားခွက်ကြီး ပြန်ရနိုးနဲ့ ဝဲလည်နေတာ သတိချပ်ပါလို့ အသိပေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
