
သတိုး
၁၃. ၉. ၂၀၂၅
အမေရိကန် USAID ၏ ရန်ပုံငွေဖြတ်တောက်မှုကြောင့် လေးနှစ်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့် ဆုံးရှုံးရ၍ အထိနာနေသော မြန်မာ့ ထောက်ပံ့ခံမီဒီယာများကို ထပ်မံထိုးနှက်မှုအဖြစ် ဆွီဒင်နိုင်ငံကပါ ထောက်ပံ့မှုများဖြတ်တောက်တော့မည်ဖြစ်၍ ပြည်ပရောက်မီဒီယာများ လာမည့်နှစ်မှစကာ ဆွီဒင်က နှစ်စဉ်ရနေသည့် ဒေါ်လာ ၂၅ သိန်းခန့်ကို လက်လွှတ်ရတော့မည်ဖြစ်သည်။
ဆွီဒင်နိုင်ငံ၏ ထောက်ပံ့ခံနိုင်ငံများအနက် တတိယအများဆုံးထောက်ပံ့နေသော မြန်မာနိုင်ငံ၏ အခြေအနေသည် တိုးတက်မှုမရှိသဖြင့် ဆွီဒင်အစိုးရသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းတော့မည်ဟု ဖော်ပြထားသည်။
ဤဆုံးဖြတ်ချက်သည် ယူကရိန်းကို ဦးစားပေးရန် ရည်ရွယ်သည့် ဆွီဒင်၏ အကူအညီပေးရေးမူဝါဒ အပြောင်းအလဲ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (SIDA) က လက်ရှိ သဘောတူညီချက်များအရ ပူးပေါင်းဆောင်ရွက်မှု မရပ်ဆိုင်းမီ မြန်မာနိုင်ငံသို့ လက်ရှိ ထောက်ပံ့နေသည့် ကဏ္ဍစုံပါဝင်သော ရန်ပုံငွေများဖြစ်သည့် ၂၀၂၅ ခုနှစ်အတွက် ဆွီဒင်ခရိုနာငွေ (SEK) ၁၇၅ သန်း(ဒေါ်လာ ၁၉ သန်းခန့်) နှင့် ၂၀၂၆ ခုနှစ်တွင် ခရိုနာ ၁၄၀ သန်း (၁၅ သန်းခန့်) အထိ ထောက်ပံ့နိုင်ကြောင်း အစိုးရက ပြောသည်။
ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဘင်ဂျမင် ဒူဆာက ကြေညာချက်တွင် “ယူကရိန်းသည် ဥရောပ၏ အဓိကကာကွယ်ရေးတပ်ဦးဖြစ်ပြီး သူတို့သည် သူတို့၏ လွတ်လပ်မှုနှင့် ကျွန်ုပ်တို့၏ လွတ်လပ်မှုကိုပါ ကာကွယ်ပေးနေပါသည်။ ထို့ကြောင့် ဆွီဒင်၏ အကူအညီများကို ပြန်လည်ဖွဲ့စည်းခြင်းသည် ယခင်ကထက် ပို၍အရေးကြီးပါသည်။ ဤဆုံးဖြတ်ချက်ဖြင့် အစိုးရသည် ယူကရိန်းအတွက် ပိုမိုအားကောင်းသည့် အထောက်အပံ့များ ပေးနိုင်ရန် မဟာဗျူဟာအချို့ကို ရပ်ဆိုင်းသွားမည့် လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
ဤဆုံးဖြတ်ချက်သည် “ခေတ်သစ်အတွက် ဖွံ့ဖြိုးရေးအကူအညီ” ဟုခေါ်သည့် ဆွီဒင်၏ မူဝါဒအသစ်နှင့် ကိုက်ညီသည်။ ဤမူဝါဒအရ နိုင်ငံ၏ အသားတင်ပြည်ပဝင်ငွေ (Gross National Income) ၏ ၁ ရာခိုင်နှုန်းကို ဖွံ့ဖြိုးရေးအကူအညီအဖြစ် သုံးစွဲရန် ကြာမြင့်စွာကတည်းက ချမှတ်ထားခဲ့သည့် ကတိကဝတ်ကို လျှော့ချလိုက်ခြင်းဖြစ်သည်။
မြန်မာ့လူ့အခွင့်အရေးအဖွဲ့ (Human Rights Myanmar) ကမူ ဤသို့အကူအညီများ ရပ်ဆိုင်းလိုက်ခြင်းသည် ဒေသတွင်း လူ့အခွင့်အရေးကာကွယ်သူများ၊ လွတ်လပ်သော မီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထိုအဖွဲ့အစည်း၏ ပြောကြားချက်အရ ဆွီဒင်၏ ရုပ်သိမ်းမှုကြောင့် ပြည်ပရောက် Exile မီဒီယာများသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း (ဒေါ်လာ ၂၄ သိန်း) ခန့် နှင့် လူ့အခွင့်အရေးအဖွဲ့များသည် ၂၀၂၆ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၂၅၅,၀၀၀ ခန့် ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။
Human Rights Myanmar အဖွဲ့၏ အချက်အလက်များအရ ဆွီဒင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၇၆ သန်းခန့် ထောက်ပံ့ခဲ့ပြီး အများစုမှာ အရေးပေါ်တုံ့ပြန်မှု၊ ပဋိပက္ခဖြေရှင်းရေး၊ ဒီမိုကရေစီတွင် ပါဝင်မှုနှင့် မီဒီယာအစီအစဉ်များအတွက် ဖြစ်သဖြင့် ယခုမှု Exile Media များမှာ ဒေါ်လာသန်းဆယ်ချီရရှိနေသည့် ခံစားခွင့်များ လက်လွှတ်ရတော့မည်ဖြစ်သည်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် မီဒီယာများအတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းအပါအဝင် ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံသို့ ထောက်ပံ့ရန် ခန့်မှန်းထားသည့် ဒေါ်လာ ၂၅၉ သန်းကို အမေရိကန် ဖျက်သိမ်းလိုက်သည့်အပြင် USAID ကို ဖျက်သိမ်းခြင်းနှင့်အတူ အမေရိကန်သမ္မတထရမ့်ပ်သက်တမ်းအတွင်း မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီအမည်တပ် ထောက်ပံသည့် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့် ဖြတ်တောက်ခံထားရချိန် တစ်နှစ် ဒေါ်လာ သန်း ၄၀ ခန့်ထောက်ပံ့နေသည့် ဆွီဒင်အစိုးရကပါ ဖြတ်တောက်လာမှုမှာ အခက်ကြုံနေသော မြန်မာလူထုကို မျောက်ပြဆန်တောင်းသည့်အသွင်ဖြင့် ပြည်ပနိုင်ငံများမှ ငွေတောင်းကာ ထောက်ပံ့ခံ ရပ်တည်နေသော မီဒီယာများ၊ လူ့အခွင့်အရေးခေါင်းစဉ်အောက် ဘင်္ဂါလီအရေးလုပ်ဆောင်သူများအပေါ် အဓိက အထိနာသွားစေမည်ဖြစ်သည်။
Ref, Scandasia
