◾️ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ငွေဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြား

၁၂. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ်အတွင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
မိမိအနေဖြင့် တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တို့၌ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြသည်ကို တွေ့ရှိခဲ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခင်က ဆောင်ရွက်လျက်ရှိသည့် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ကြန့်ကြာမှုမရှိစေရေး ပြန်လည်စိစစ် ဆောင်ရွက်ရန်လိုသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်း၊ နည်းပညာများရရှိခြင်းတို့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် တရုတ်ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံလိုကြသည်ကို သိရှိခဲ့ရကြောင်း၊ ကုန်သွယ်မှုတွင်လည်း ယွမ်နှင့်ကျပ်တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏများစွာရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါ ဆောင်ရွက်နိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာပြီး နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို များစွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများ အလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
