၁၂.၉.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဓာတ်ငွေ့အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကုန်ကျစရိတ် လျှော့ချမှုတို့ကြောင့် နိုင်ငံအတွင်း ဓာတ်အားတင်သွင်းမှုနဲ့ ပြည်တွင်းကျောက်မီးသွေးထုတ်လုပ်မှုတို့ကို မြှင့်တင်လျက်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံလိုအပ်ချက်အတွက် ဓာတ်ငွေ့ ထောက်ပံ့မှုမှာ ကန့်သတ်ချက်တွေရှိတဲ့အပြင် ကျောက်မီးသွေးစက်ရုံမှာလည်း ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယထံမှ လျှပ်စစ်ဓာတ်အားပိုမိုဝယ်ယူနေရတဲ့အပြင် လောင်စာဆီသုံးဓာတ်အားပေးစက်ရုံတွေက ထွက်ရှိတဲ့ ဓာတ်အားကိုလည်းမြှင့်တင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းနေရတယ်လို့ တာဝန်ရှိသူတွေနဲ့ အကဲဖြတ်တွေက ပြောခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ Adani ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို တင်သွင်းမှုဟာ ဇူလိုင်လအထိ ခုနစ်လအတွင်း ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝယ်လိုအား မြင့်တက်မှုအများစုကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကုန်ဆုံးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်ရဲ့ သုံးပုံနှစ်ပုံခန့်ကို သဘာဝဓာတ်ငွေ့ကနေရရှိခဲ့ပေမယ့် နိုင်ငံမှာ ဓာတ်ငွေ့အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကုန်ကျစရိတ်တွေ လျှော့ချလာခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပြည်ပက ဓာတ်အားတင်သွင်းမှုနဲ့ ပြည်တွင်းကျောက်မီးသွေးထုတ်လုပ်မှု မြှင့်တင်ဖို့ ကြိုးပမ်းလျက်ရှိတာပါ။
“ဒါဟာ ကုန်ကျစရိတ်သက်သာတဲ့အတွက်၊ ဓာတ်မြေသြဇာလုပ်ငန်းအတွက် ဓာတ်ငွေ့လိုအပ်ပါတယ်။ လောင်စာဆီအပါအဝင် တခြားအရင်းအမြစ်တွေကနေ လျှပ်စစ်ဓာတ်အားကို စျေးသက်သာစွာနဲ့ ရနိုင်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် Summit Power ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး အဒီဘာ အဇစ်ခန်းက ပြောခဲ့ပါတယ်။
သူမရဲ့ ကုမ္ပဏီက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘာဝဓာတ်ငွေ့နဲ့ လောင်စာဆီတွေကိုသုံးပြီး ဓာတ်အားပေးစက်ရုံ တစ်ဒါဇင်ကို ဖွင့်လှစ်လည်ပတ်နေတာပါ။
“လျှပ်စစ်ဓာတ်အားထုတ်လုပ်တာနဲ့ သယ်ယူပို့ဆောင်ရွှေ့ပြောင်းမှုဆိုင်ရာပြဿနာတွေအတွက် ဓာတ်ငွေ့ ပြတ်လပ်မှုရှိနေတယ်”လို့ ခန်းက ပြောခဲ့ပြီး မကြာမီကာလထဲမှာ ဓာတ်ငွေ့အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေ ပြန်လည်ပေါ်ပေါက်ဖို့ ခက်ခဲတယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (BPDB) မှ အကြီးတန်း အရာရှိတစ်ဦးက သဘာဝဓာတ်ငွေ့အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်စက်ရုံအများအပြားဟာ ဖိအားနှင့် ဆက်နွှယ်သည့် နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် အပြည့်အဝလည်ပတ်နိုင်မှုမရှိဖြစ်နေရပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အများအပြားဟာလည်းပြုပြင်ထိန်းသိမ်းမှု ချို့တဲ့လို့ ထုတ်လုပ်နိုင်စွမ်းနိမ့်ကျနေရတယ်လို့ ပြောခဲ့ပါတယ်။။
ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာပြောခွင့်မရှိလို အမည်မဖော်လိုသူ အစိုးရအရာရှိအနေနဲ့ ပြောခဲ့သူတစ်ဦးကတော့ “အစိုးရမှာ ရွေးချယ်စရာလမ်းတွေကလည်း အများကြီး မရှိပါဘူး။ မီးပျက်တာကို ရှောင်ရှားဖို့ သူတို့က ဓာတ်အားတင်သွင်းဖို့ဘက်ကို လှည့်ပြီး Adani ရဲ့ လျှပ်စစ်စွမ်းအင်ကို ပမာဏအများကြီး ရနိုင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
BPDB ကဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို တစ်စုံတစ်ရာ မတုံ့ပြန်ခဲ့ပါဘူး။
၂၀၂၅ ခုနှစ်ရဲ့ ပထမခုနစ်လတာကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဓာတ်အားတင်သွင်းမှုက ၉ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၅ ဒသမ ၄ ရာခိုင်နှုန်းသို့ ခုန်တက်လာခဲ့ပြီး လောင်စာဆီသုံး ဓာတ်အားထုတ်လုပ်မှုကလည်း နှစ်စဉ် ၁၁ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ အစိုးရ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်အားထုတ်လုပ်ရာမှာ သဘာဝဓာတ်ငွေ့ဝေစုသည် ၄၆ ဒသမ ၈ ရာခိုင်နှုန်းမှ ၄၃ ဒသမ ၉ ရာခိုင်နှုန်းကို ကျဆင်းသွားပြီး ပြည်တွင်း၌ ကျောက်မီးသွေးသုံး ဓာတ်အားထုတ်လုပ်မှု ဝေစုကလည်း ၃၀ ဒသမ ၁ ရာခိုင်နှုန်းမှ ၂၆ ဒသမ ၂ ရာခိုင်နှုန်းကို ကျဆင်းသွားရပါတယ်။
Ref- SCMP
