◾️ ပါတီဝင်ဦးရေမပြည့်၍ ဖျက်သိမ်းခံရသည့် NDF ပါတီသည် ပြင်ဆင်ချိန် နှစ်နစ်ခန့်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်မှသာ စာရင်းစတင်ပေးသွင်းသည့်အပြင် လေးကြိမ်ခွဲပေးပို့ခဲ့သည်ကိုပင် မပြည့်မီခဲ့ကြောင်းနှင့် အဆိုပါ စာရင်းဇယားများလည်း အပြည့်အစုံရှိဟုပါ ဆို
၁၁. ၉. ၂၀၂၅
Written by Nyein Kyaw
ပါတီဝင်ဦးရေကို ယခင်ပြဋ္ဌာန်းချက်ထက် တစ်ဝက်တိတိ လျှော့ချထားသည့်ပမာဏကိုပင် မပြည့်မီသည့်အတွက် နိုင်ငံရေးပါတီ ၄ ခုအား ဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အယူခံဝင်ခြင်းနှင့် သနားခံစာတင်ခြင်းတို့ကြောင့် ပြန်လည်ခွင့်ပြုပေးပါက အခြားသောနိုင်ငံရေးပါတီများအပေါ် မျှတမှုမရှိကြောင်း နေပြည်တော်၌ ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ သတင်းစာရှင်းလင်းပွဲတွင် UEC က ပြောကြားသည်။
နိုင်ငံရေးပါတီတစ်ခုအား ပါတီဝင်အင်အား မပြည့်သည့်အချက်တစ်ခုတည်းဖြင့် ဖျက်သိမ်းလိုက်ခြင်းက ပါတီအတွက် နစ်နာမှုရှိပြီး အယူခံဝင်ခြင်း၊ အသနားခံစာတင်ခြင်းများ ဆောင်ရွက်လာပါက ပြန်လည်ခွင့်ပြုပေးနိုင်မည်လားဟု မီဒီယာများက မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဲဒါကတော့ ကျွန်တော်တို့ ဒါဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက်ဖြစ်တော့ ဒီဥပဒေပြဋ္ဌာန်းချက်ကလည်း လျှော့ထားတဲ့ဥပဒေပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ပထမ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ တစ်ဝက်တိတိလျှော့ထားတဲ့ အင်အားဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒီဟာကို လျှော့လိုက်ရင် ကျန်တဲ့ပါတီတွေအတွက်ရော မျှတရဲ့လား။ ကျန်တဲ့ပါတီတွေကရော တစ်ခါပြန်ပြီးတော့ သူ့တို့အတွက်လည်း စဉ်းစားရမယ်။ သူတို့က အင်အားတွေအပြည့်အဝနဲ့ ကြိုးစားပြီးတော့ ဆောင်ရွက်ထားတဲ့ ပါတီတွေလည်း ရှိတယ်။ အဲဒီအခါကြတော့ ကျွန်တော်တို့ အားလုံးကို ချင့်ချိန်ပြီးဆုံးဖြတ်ပြီးကာမှ ဥပဒေနဲ့အညီပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်လို့ ဖြေလိုပါတယ်” ဟု UEC က ဖြေကြားသည်။

ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ မပြည့်မီသည့် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးမည့် NDF၊ DNP၊ အမျိုးသမီးပါတီ (မွန်) ပါတီသုံးခုအပါအဝင် နိုင်ငံရေးပါတီလေးခုအား ပါတီဖျက်သိမ်းကြောင်း UEC က စက်တင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။ ယင်းအနက် ပါတီဝင်ဦးရေ မပြည့်၍ ဖျက်သိမ်းခံရသည့် ပါတီတစ်ခုပါရှိပြီး ယင်းပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဖြစ်သည်။
UEC ၏ ဖြေကြားချက်အရ အဆိုပါ ပါတီသည် ပြင်ဆင်ချိန် နှစ်နစ်ခန့်အချိန်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်မှသာ စတင်စာရင်းပေးမှုပြုလုပ်ခဲ့သည့်အပြင် စက်တင်ဘာ ၂ ရက်၊ စက်တင်ဘာ ၅ ရက်နှင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ ၇ ရက်တို့အထိ ပါတီစာရင်းများကို ခွဲပို့ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၈ ရက်တွင် စတင်စစ်ဆေးရာ၌လည်း သတ်မှတ်ချက်များ မပြည့်မီခဲ့၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း UEC က ဖြေကြားသည်။
“အဲဒီစာရင်းဇယားတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာကို ကျွန်တော်တို့ မခိုင်မာဘဲနဲ့ လုပ်လို့မရဘူး” ဟု UEC က ဖြေကြားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၉) နှင့် (၁၀) အရ သတ်မှတ်ရက်ဖြစ်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့အထိ ပုဒ်မ ၅ ပုဒ်မခွဲ (စ) ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ) နှင့် ပုဒ်မ ၅ ပုဒ်မခွဲ (ဇ) ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ ( ခ ) အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း UEC က စတင်ဘာ ၉ ရက်တွင် ကြေညာထားသည်။
ထို့ကြောင့် လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီကျန်ရှိပြီး နိုင်ငံရေးပါတီ ၆ ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၅၁ ပါတီက တိုင်းနှင့်ပြည်နယ်အတွင်းသာ မဲဆွယ်စည်းရုံးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
