၁၁. ၉ .၂၀၂၅
Written by Thiri
မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါး (၄) မျိုးကို သုံးစွဲရန်မသင့်တဲ့ ဆေးဝါးတွေအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ အသိပေးထုတ်ပြန်ပါတယ်။
အဆိုပါ တိုင်းရင်းဆေးဝါးတွေက တိုင်းရင်းဆေးဝါးမှတ်ပုံတင်ရရှိခဲ့ပေမယ့် ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုမရှိသလို တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေကြောင်း စိစစ်တွေ့ရှိတဲ့ လုံးဆန်ဆာ ကြာပန်းအမှတ်တံဆိပ်သွေးတိုးကျဆေးနဲ့ ရာဇဂြိုဟ်အမှတ်တံဆိပ် သွေးတိုးကျဆေး၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိတဲ့ လွှမ်းမိုးအောင်အမှတ်တံဆိပ် သွေးချို ဆီးချိုကျဆေးကြီးနဲ့ သကြားဓာတ်ထိန်းရေနွေးကြမ်း စတဲ့ ဆေးဝါး ၄ မျိုးလို့ သိရပါတယ်။
အဆိုပါ တိုင်းရင်းဆေးဝါး (၄) မျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင် မရှိတဲ့ တိုင်းရင်းဆေးဝါးတွေဖြစ်ပြီး၊ ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်လို့ အများပြည်သူတွေသုံးစွဲဖို့ မသင့်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးတွေကို ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့နဲ့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကိုသာ စိစစ်ဝယ်ယူသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပြီး တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့ ဆေးဝါးရောင်းချတဲ့ဆေးဆိုင်အနေနဲ့လည်း တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးတွေ၊ ဆေးဝါးအတုတွေ စံမညီတိုင်းရင်းဆေးဝါးတွေ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ တိုင်းရင်းဆေးဝါးတွေ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းတွေကို ကျင့်ဝတ်အရ လုံးဝ မပြုလုပ်ရန်နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။



