သက်တန့်
၁၀. ၉. ၂၀၂၅
ဆင်ခြင်တုံတရားနဲ့ ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဘန်ကောက်၊ ဆာဖာရီဥယျာဥ် ဝန်ထမ်းတစ်ဦး ခြင်္သေ့ကိုက်လို့ သေဆုံးသွားခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ဒီနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆာဖာရီဥယျာဉ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးပြီးနောက်မှာ ဖြစ်စဥ်မှန်ကို ဖော်ထုတ်လိုက်ပါတယ်။
ခြင်္သေ့ကိုက်လို့ သေဆုံးရသူ ဥယျာဥ်ဝန်ထမ်းဟာ အသက် ၅၈ နှစ်အရွယ်ဖြစ်ပြီး ခြင်္သေ့နဲ့ ကျားတွေကို စောင့်ရှောက်ပေးသူဖြစ်တဲ့ Jian ဆိုသူဖြစ်ကာ သူဟာ အဲဒီဥယျာဥ်မှာ အနှစ် ၃၀ လောက် အလုပ်လုပ်ခဲ့သူပါ။

ဝမ်းနည်းဖွယ် ဒီဖြစ်ရပ်က ဒီနေ့ စက်တင်ဘာလ ၁၀ ရက်၊ မနက် ၁၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တာလို့လည်း ခန္နာယာအိုရဲစခန်းက ရဲမှူးကြီး Niruchpon Yothamat က ပြောခဲ့ပါတယ်။
ဖြစ်စဥ်မှာတော့ သေဆုံးသူ ဝန်ထမ်းဟာ ဘန်ကောက်မြို့က ခန္နာယာအိုခရိုင်မှာ ရှိတဲ့ ဆာဖာရီပန်းခြံမှာ ပစ္စည်းတစ်ခုကို ထွက်ယူဖို့အတွက် ကားထဲကနေ ဆင်းခဲ့တာပါ။ ဒီတိရစ္ဆာန်ရုံမှာက ဝန်ထမ်းပဲဖြစ်ဖြစ်၊ ဧည့်သည်ပဲဖြစ်ဖြစ် ကားထဲကနေ ထွက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။
ဒီလိုတားမြစ်ထားပေမဲ့ ကားအပြင်ထွက်ခဲ့တဲ့ သေဆုံးသူဝန်ထမ်းဟာ ခြင်္သေ့တွေကို ကျောပေးပြီး ပစ္စည်းကောက်ဖို့အတွက် ငုံ့လိုက်တဲ့အချိန်မှာ ခြင်္သေ့တစ်ကောင်ဟာ သူ့ရဲ့နောက်က ၁၀ မီတာလောက် အကွာအဝေးကနေ ခုန်အုပ်လိုက်ပါတယ်။ ခြင်္သေ့က ဝန်ထမ်းကို ဆွဲလှဲချလိုက်ပြီး ကိုက်ခဲနေတဲ့အချိန်မှာ တခြားခြင်္သေ့ ၃-၄ ကောင်ပါ ပါဝင်လာခဲ့ပါတယ်။
၁၅ မိနစ်လောက်ကြာအောင် အဆက်မပြတ် တိုက်ခိုက်နေတာကို ထိတ်လန့်တကြားနဲ့ ထိုင်းနဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေက သူတို့ရဲ့ကားတွေထဲကနေ ကားဟွန်းတွေ တီးတာ၊ အော်ဟစ်တာတွေ လုပ်ပြီး ခြင်္သေ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ သူတို့ကိုယ်တိုင်လည်း အပြင်မထွက်ရဲတာကြောင့် ဥယျာဥ်ဝန်ထမ်းကို ခြင်္သေ့တွေက ကိုက်ဖြတ်နေတာကို မကူညီရဲဘဲ ကြည့်နေခဲ့ကြရပါတယ်။
◾ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်များ

ဒီဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့ရတဲ့ Phramongkutklao ဆေးရုံက ခွဲစိတ်ဆရာဝန်ဟောင်းဖြစ်သူ ဒေါက်တာ Thawatchai Kanchanarin က ခြင်္သေ့တွေဟာ အစပိုင်းမှာ ရင်းနှီးတဲ့ဝန်ထမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနေတာလို့ လူအများက ထင်ခဲ့ကြတယ်လို့ ပြောပါတယ်။
“ခြင်္သေ့တွေက သူ့ကို ဖက်ထားချင်တယ်လို့ ထင်ခဲ့ကြတော့ ဘယ်သူမှ အဲဒီနေရာကို မသွားခဲ့ကြပါဘူး” လို့ သူက ရှင်းပြခဲ့ပါတယ်။
ဒေါက်တာ Thawatchai က အဲဒီဝန်ထမ်း ကားပေါ်ကနေ ဆင်းလာပြီး ၂ မိနစ်၊ ၃ မိနစ်လောက် ငြိမ်ငြိမ်လေး ရပ်နေတာကို တွေ့ခဲ့ရကတည်းက အံ့သြခဲ့ရတယ်လို့ ပြောပါတယ်။ ဝန်ထမ်းက ကျောပေးထားတဲ့အချိန်မှာ ခြင်္သေ့တွေက သူ့ကို ဆွဲချလိုက်တဲ့အခါ သေဆုံးသူဟာ အော်ဟစ်တာ ဒါမှမဟုတ် အကူအညီတောင်းတာမျိုး မရှိခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။
◾ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်များ
အမျိုးသားဥယျာဉ်ဌာနက တိရစ္ဆာန်ဆရာဝန်တစ်ဦးရဲ့ သုံးသပ်ချက်နဲ့ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေအရ ခြင်္သေ့တွေဟာ အစာကျွေးတဲ့သူနဲ့ ရင်းနှီးကျွမ်းဝင်တာကြောင့် ကစားချင်တဲ့အပြုအမူမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရွယ်အစားကြောင့် အသက်အန္တရာယ်ဖြစ်စေတဲ့ ဒဏ်ရာတွေ ဖြစ်စေခဲ့တာပါ။
ခြင်္သေ့တွေဟာ အရွယ်မရောက်သေးတဲ့ အဆင့်မှာ ရှိနေကြတာကြောင့် အမဲလိုက်တာကို ကစားရင်းနဲ့ စမ်းသပ်နေကြတာ ဖြစ်နိုင်ပါတယ်။
◾ ဆေးစစ်ချက်များ

Intararat ဆေးရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အတည်ပြုချက်အရ သေဆုံးသူရဲ့ ကိုယ်တွင်းအင်္ဂါအားလုံးဟာ ပုံမှန်အတိုင်းရှိနေပြီး လည်ပင်း၊ ဝမ်းဗိုက်နဲ့ ညာဘက်ခြေထောက်တစ်ဝိုက်မှာ ကိုက်ရာတွေနဲ့ ခြစ်ရာတွေကြောင့်ပဲ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တာပါ။
ရဲဆေးရုံရဲ့ မှုခင်းဆေးပညာဌာနက သေဆုံးသူကို ခွဲစိတ်စစ်ဆေးမှု ပြုလုပ်ပြီးမှ မိသားစုကို ဘာသာရေးအခမ်းအနားတွေ လုပ်ဖို့အတွက် အလောင်းကို ပြန်ပေးအပ်မှာပါ။
◾ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်များ
အမျိုးသားဥယျာဉ်၊ တိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Atthapol Charoenchansa က Safari World နေရာကို စစ်ဆေးဖို့အတွက် တိရစ္ဆာန်ထိန်းသိမ်းရေးရုံးနဲ့ CITES ရုံးက အရာရှိတွေကို ချက်ချင်းအမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ကားနဲ့သွားလာလည်ပတ်တဲ့ ဆာဖာရီခရီးသွားဇုန်မှာ ဖြစ်ပွားခဲ့တာပါ။
ကနဦးတွေ့ရှိချက်တွေအရ ဆာဖာရီက တရားဝင် လည်ပတ်နေပြီး သင့်လျော်တဲ့ခွင့်ပြုချက်တွေလည်း ရှိပါတယ်။ ခြင်္သေ့ ၃၂ ကောင်ကိုလည်း တရားဝင် ပိုင်ဆိုင်ထားပြီး အများစုက အာဖရိကကနေ တင်သွင်းထားတာပါ။ ဒါပေမဲ့ လုံခြုံရေးအတွက် လစဉ်စစ်ဆေးမှုတွေ လုပ်နေခဲ့ပြီး တိရစ္ဆာန်တွေက ဝန်ထမ်းတွေကို ထိခိုက်စေတဲ့ သမိုင်းကြောင်းမျိုး မရှိခဲ့တာကြောင့် ခြင်္သေ့တွေက သူတို့ရဲ့ထိန်းသိမ်းသူကို ဘာကြောင့် တိုက်ခိုက်ခဲ့လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အနာဂတ်မှာ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် နောက်ထပ် လုံခြုံရေးအစီအမံတွေကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
◾ ဆာဖာရီ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်

Safari Zone ပန်းခြံမန်နေဂျာဖြစ်သူ Yutthana Phitaktha ကတော့ ဘေးကင်းရေးအတွက် အဲဒီနေရာကို ခဏပိတ်ထားပြီး ခြင်္သေ့အားလုံးကို လှောင်အိမ်တွေထဲမှာ လုံခြုံစွာထားရှိတယ်လို့ ပြောခဲ့ပါတယ်။
သူက တိရစ္ဆာန်ရုံဟာ လိုအပ်ချက်ထက် ၃၀၀ ရာခိုင်နှုန်းကျော်တဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို ထိန်းသိမ်းထားပြီး နှစ် ၄၀ ကြာ လည်ပတ်ခဲ့တဲ့ကာလအတွင်း ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ အလေးပေး ပြောခဲ့ပါတယ်။
Jian ရဲ့ အဓိကတာဝန်ကတော့ ခရီးသွားကားတွေနဲ့ မတိုက်မိအောင် တိရစ္ဆာန်တွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းနယ်နိမိတ်အတွင်းမှာ ထားဖို့အတွက် ကားမောင်းတာပဲဖြစ်ပါတယ်။ သူ့အပေါ် ဘယ်တုန်းကမှ တိုင်ကြားတာ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာမျိုး မရှိခဲ့ပါဘူး။ သူ့ရဲ့တည်ငြိမ်တဲ့ စိတ်နေစိတ်ထားအတွက်လည်း လူသိများသူပါ။
ဒါပေမဲ့ သူ့မှာ စိတ်ကျန်းမာရေး ဒါမှမဟုတ် စိတ်ဓာတ်ကျခြင်းလို ပြဿနာတွေ ရှိ၊ မရှိဆိုတာတော့ မသိရသေးပါဘူး။ တိရစ္ဆာန်ရုံက သေဆုံးသူရဲ့မိသားစုကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ကုမ္ပဏီရဲ့စည်းမျဉ်းတွေနဲ့အညီ မိသားစုအတွက် ထောက်ပံ့မှုတွေ ပေးသွားမှာပါ။

◾ မိသားစုရဲ့ ဝမ်းနည်းမှု
သေဆုံးသူရဲ့ဇနီးဖြစ်သူ Ratanapa ကတော့ ဒီလိုဖြစ်သွားတာကို လက်မခံနိုင်ဘဲ ထိတ်လန့်တုန်လှုပ်နေရတယ်လို့ ပြောခဲ့ပါတယ်။
သူမရဲ့ခင်ပွန်းဟာ ငယ်ငယ်ရွယ်ရွယ်ကတည်းက Safari World မှာ အလုပ်လုပ်ခဲ့ပြီး အငြိမ်းစားယူခါနီးဖြစ်နေပါပြီ။
“သူက ဒီအလုပ်ကို ချစ်တယ်။ တိရစ္ဆာန်တွေကို ချစ်တယ်။ ပြီးတော့ အရမ်းကို တည်ငြိမ်ပြီး သတိထားတတ်သူပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ကျွန်မတို့ အငြိမ်းစားယူပြီးရင် လယ်သမားတွေအဖြစ် မြေကွက်သေးသေးလေး ဝယ်ဖို့အကြောင်း ပြောခဲ့ကြပါသေးတယ်။ သူက အရမ်းသန်မာတယ်။ စိတ်ဖိစီးမှုမရှိဘူး။ မိသားစုပြဿနာတွေ မရှိဘူး။ စိတ်ဓာတ်ကျတာလည်း မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
Ref.,Khaosod
