◾️ သတ်မှတ်ထားသည့်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းခံရမည်
၁၁. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖြေကြားထားသည်။
ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း မည်မျှတင်သွင်းမှသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်နှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ထုတ်ပြန်ထားသည့် မြို့နယ် ၁၀၂ မြို့နယ်အတွက်သာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၈၃၃ နယ် အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) (၁) အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်” ဟု UEC က ဖြေကြားထားသည်။
ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီက မဲဆန္ဒနယ်၏ထက်ဝက်ကို အမည်စာရင်း တင်သွင်းရမည်မှာ မြို့နယ် ၃၃၀ အနက် ထက်ဝက်အတွက် သို့မဟုတ် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့်မြို့နယ် ၁၀၂ မြို့နယ်၏ မဲဆန္ဒနယ်ထက်ဝက်ကို ဆိုလိုခြင်းဟု မေးမြန်းမှုအပေါ် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) (၁) အရ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အပိုင်း (၁) ကျင်းပမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲက မဲဆန္ဒနယ် ထက်ဝက်ကို ပြောတာမဟုတ်ပါဘူး” ဟု UEC က ဖြေကြားထားသည်။
ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၄၁၄ ဦးကို UEC က သတ်မှတ်ထားသည့် ရက်အတွင်း တင်ပြနိုင်မှုမရှိပါက အဆိုပါ ပါတီသည် ဖျက်သိမ်းခံရမည်လား သို့မဟုတ် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ခံရမည်လား မေးမြန်းမှုအပေါ် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) (၁) အရ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ဖြစ်တဲ့ မဲဆန္ဒနယ် ၄၁၇ နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖျက်သိမ်းခံရမှာဖြစ်ပါတယ်” ဟု UEC က ဖြေကြားထားသည်။

ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ မပြည့်မီသည့် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးမည့် NDF၊ DNP၊ အမျိုးသမီးပါတီ (မွန်) ပါတီသုံးခုအပါအဝင် နိုင်ငံရေးပါတီလေးခုအား ပါတီဖျက်သိမ်းကြောင်း UEC က စက်တင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီကျန်ရှိပြီး နိုင်ငံရေးပါတီ ၆ ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၅၁ ပါတီက တိုင်းနှင့်ပြည်နယ်အတွင်းသာ မဲဆွယ်စည်းရုံးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
