◾️ သုံးနှစ်အတွင်း ဝန်ထမ်းအရေအတွက် အမြန်ဆုံးမြင့်တက်ခဲ့ပြီး အလုပ်ဖန်တီးမှုနှုန်းသည် ၂၀၁၉ ကိုဗစ်ကာလမတိုင်မီအချိန်နှင့်ပင် နှိုင်းယှဉ်နိုင်ခဲ့ဟု ဖော်ပြ
၆. ၉. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ထုတ်လုပ်ရေးအခြေအနေများ တိုးတက်မှုရှိခဲ့ပြီး အလုပ်ခန့်အပ်မှုတွင်လည်း တိုးတက်မှုကို ပြန်လည်တွေ့ရှိခဲ့ရကာ ယခု ၂၀၂၅ ခုနှစ်အတွင်း ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း ၅၀ အထက်သို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ပိုမို၍သက်သာလာခဲ့ပြီး ဝယ်ဈေးများသည် အနည်းငယ်မျှသာ မြင့်တက်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် အားအနည်းဆုံး အတိုင်းအတာဖြစ်သည်။ ထို့ပြင် ထုတ်လုပ်ရေးလုပ်ငန်းများသည် ငါးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ စက်ရုံထုတ်ဈေး အဖိုးအခများ လျှော့ချခဲ့ကြသည်။
လေးလဆက်တိုက် မြင့်တက်မှုနှင့်အတူ မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် ဇူလိုင်လတွင် ၄၉ ဒသမ ၅ ရှိခဲ့ရာမှ ဩဂုတ်လတွင် တိုးချဲ့မှုအပိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး PMI အညွှန်းကိန်း ၅၀ ဒသမ ၄ သို့ တိုးတက်မှုရှိခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကဏ္ဍအခြေအနေ ပထမဆုံး တိုးတက်မှုရခြင်းကို အချက်ပြခဲ့သည်။
ဝန်ထမ်းအရေအတွက်များ ခိုင်ခိုင်မာမာတိုးလာမှုကလည်း ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှုကိုဖြစ်စေခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင်ဖန်တီးမှုနှုန်းသည် စစ်တမ်းသမိုင်းတစ်လျှောက် ပူးတွဲအားအကောင်းဆုံးဖြစ်ခဲ့ကာ ၂၀၂၂ ခုနှစ် ဧပြီလနှင့် ၂၀၁၉ ခုနှစ် မေလတို့တွင် တွေ့မြင်ခဲ့ရသည့် မြင့်တက်မှုများနှင့် နှိုင်းယှဉ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
“နောက်ဆုံးရ PMI Data က တည်ငြိမ်မှုရနေတဲ့ထုတ်လုပ်ရေးနဲ့ ဝယ်လိုအားအခြေအနေတွေကို ညွှန်ပြခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍက မတ်လမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့်ဖြစ်ခဲ့ရတဲ့ လျော့ကျမှုကနေ ပြန်လည်နာလန်ထလာခဲ့ပုံရပါတယ်။ ဒါ့အပြင် လုပ်ငန်းတွေက အချိန်ပြည့်အလုပ်သမားတွေကို အောင်အောင်မြင်မြင် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းနောက်ပိုင်း ဒုတိယအကြိမ်ဝန်ထမ်းအရေအတွက် မြင့်တက်မှုဖြစ်စေခဲ့ပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကဏ္ဍသည် ဩဂုတ်လတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အလုံးစုံတိုးတက်မှုရခြင်းကို မှတ်တမ်းတင်ခဲ့ပြီး ထုတ်လုပ်ရေးနှင့် အလုပ်အသစ်အဆင့်များ ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်ခြင်းနှင့်အတူ အလုပ်ခန့်အပ်မှုတွင် ခိုင်မာသောမြင့်တက်မှုရှိခြင်းတို့ကို ထင်ဟပ်နေကြောင်းလည်း ဖော်ပြထားသည်။



