၆.၉.၂၀၂၅
Written by Hey Mar
ကားလမ်းပေါ် ဖြတ်ပြေးတဲ့ ကလေးငယ်ကိုတိမ်းရှောင်တဲ့ကားက လမ်းလယ်ကျွန်းပလက်ဖောင်းပေါ် ထိုင်နေတဲ့ ကလေးကို တိုက်ကြိတ်မိတာကြောင့် အဆိုပါကလေးငယ်နေရာတင်သေဆုံးကာ နှစ်ဦးဒဏ်ရာရတဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ တွဲလက်ကူညီ ဒို့တက္ကစီ အရေးပေါ် သွေးနှင့် သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေး ပရဟိတယာဥ်မောင်းများ အဖွဲ့ထံကနေ သိရပါတယ်။
ယာဉ်တိုက်ခံရတဲ့ ကလေးငယ်က ခန္ဓာကိုယ်အနေအထားအရ အသက် ၁၀ နှစ်ဝန်းကျင် ယောက်ျားလေးလို့ ခန့်မှန်းရပြီး မီးပွိုင့်တွေမှာ တောင်းရမ်းတဲ့ ကလေးငယ်လို့ သိရပါတယ်။ ကားတိုက်ကြိတ်ခံရတာကြောင့် ဦးခေါင်းကြေမွပျက်စီးဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးကာ မိသားစုကိုလည်း မသိရှိရသေးလို့ ပိုင်ရှင်မဲ့ဖြစ်နေတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ကားက သူ့ရှေ့က ဖြတ်ပြေးတဲ့ ကလေးတစ်ယောက်ကို ရှောင်တာမှာ အရှိန်လွန်ပြီး လမ်းလယ်ပလက်ဖောင်းပေါ် တက်သွားတာ။ အဲ့ဒီမှာ ကလေးတစ်ဦးက ထိုင်နေတာကို ကြိတ်ပစ်လိုက်ပြီးမှ ဓာတ်တိုင်ကို ထပ်တိုက်မိတာ။ ယာဉ်မောင်းရော၊ ရှေ့ကခန်းက လိုက်စီးတဲ့သူရော ဒဏ်ရာရထားတာတွေ့တယ်။ ကလေးက ကြေမွနေတာပဲဗျာ။ တိုက်ပြီးသိပ်မကြာဘူး ကယ်ဆယ်ရေးရောက်လာတယ်” လို့ အဆိုပါ အခြေအနေကို မျက်မြင်တွေ့ရှိတဲ့ Taxi ယာဉ်မောင်းတစ်ဦးက MT News ကို ပြောပါတယ်။
သေဆုံးသူ ကလေးနဲ့ ဒဏ်ရာရသူနှစ်ဦးကို မြောက်ဥက္ကလာပဆေးရုံကြီးဆီ ပုလဲအရန် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။








