၅.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့အဖို့ကား ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ တူညီသောပုံစံနဲ့တွေးခေါ်မှု၊ နားလည်မှုတွေ ရှိနေကြတယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။
သူတိုနှစ်ဦးရဲ့ ထင်ရှားပေမယ့် သက်ရောက်မှုနည်းတယ်ဆိုရမယ့် ထိပ်သီးဆွေးနွေးပွဲပြီးလို့ သုံးပတ်အကြာမှာတော့ သမ္မတနှစ်ဦးစလုံးက ဥရောပရဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေဟာ တိုးတက်ပြောင်းလဲမှုမရှိဘူးလို့ ဆန့်ကျင်ပြောဆိုခဲ့ကြပါတယ်။သူတို့နှစ်ဦးက ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအားထုတ်မှု လျော့ကျလာတာအတွက်လည်း ဥရောပကို အပြစ်တင်ပြောကြားခဲ့ကြပါတယ်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်တဲ့ သံတမန်ရေးလှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စုရဲ့ နေတိုးမဟာမိတ်တွေဆီက မဆိုစလောက်အနည်းငယ်သာတွေ့ရပြီး တကယ်လို့ ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းရေး သဘောတူညီချက်ရပြီးတဲ့နောက်မှာ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့ လုံခြုံရေးအာမခံချက်တွေကိုတော့ ကြိုးပမ်းလုပ်ဆောင်နေကြတဲ့အတွက် ထရမ့်ပ်က ဥရောပခေါင်းဆောင်တွေကို ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့လည်း ပိုလုပ်ကြပါလို့ စက်တင်ဘာလ ၄ ရက်က တောင်းဆိုခဲ့ပါသေးတယ်။
သမ္မတ ထရမ့်ပ်က အနာဂတ်မှာ ဘာတွေလုပ်ကြမလဲ ဆိုတာ ဖန်တီးနိုင်ကြဖို့ ရုရှားသမ္မတ ပူတင်နဲ့ မကြာမီထပ်မံတွေ့ဆုံမယ်လို့ သတင်းထောက်တွေကို ပြောအပြီး နောက်တစ်ရက်မှာပဲ ထရမ့်ပ်ရဲ့ အပြောင်းအလဲမြန်လှတဲ့ ယူကရိန်းသံခင်းတမန်ခင်းရဲ့ နောက်ဆုံးလှည့်ကွက်က ထွက်ပေါ်လာခဲ့ပြန်တာလို့ ဆိုရမှာပါ။
ထရမ့်ပ်က ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးအတွက် နောက်ဆုံးရက်သတ္တပတ်နှစ်ပတ်ကြာ သတ်မှတ်ထားမှုကို ရုရှားသမ္မတ ပူတင်ဘက်က ထပ်ခါတလဲလဲ လျစ်လျူရှုနေပြီးတဲ့နောက် ပူတင်အနေနဲ့ ငြိမ်းချမ်းရေး အစပျိုးမှု ဆက်လက်နှေးကွေးနေမယ်ဆိုရင် ရုရှားအပေါ် ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ လက်မှတ်ထိုးမလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ စစ်ပွဲရပ်ဆိုင်းရေးအတွက် ပူတင်အနေနဲ့ လိုက်လျောဖို့ နောက်ဆုံးရက်အနေနဲ့ စက်တင်ဘာလ ၅ ရက်ကို သတ်မှတ်ထားခဲ့တာပါ။
ထရမ့်ပ်က “သူ့ရဲ့ဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ ဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့က ပျော်ရမှာပဲ ဖြစ်ဖြစ်၊ စိတ်မချမ်းသာဖြစ်ရမှာဘဲဖြစ်ဖြစ် ရှိမှာပေါ့။ ကျွန်တော်တို့က စိတ်မချမ်းသာ ဖြစ်ခဲ့ရရင် ဖြစ်လာမယ့်အရာတွေကို ခင်ဗျားတို့တွေ့ရမှာပါ” လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ စက်တင်ဘာလ ၃ ရက်က ပြောခဲ့ပါတယ်။
ထရမ့်ပ်ဟာ တခြားဥရောပခေါင်းဆောင်တွေနဲ့အတူ ယူကရိန်းသမ္မတ ဇယ်လန်စကီးကို စက်တင်ဘာလ ၄ ရက်က တွေ့ဆုံစကားပြောခဲ့ပါတယ်။ အဆိုပါစကားဝိုင်းက ရုရှားအပေါ် စီးပွားရေးအရ ဖိအားတွေပေးဖို့နဲ့ ရုရှားရဲ့စစ်သုံးစရိတ်ငွေကို ပိတ်ပင်နိုင်ဖို့အထိ ကျယ်ပြန့်တယ်လို့ ဇယ်လန်စကီးက ပြောခဲ့ပါတယ်။ ဒါပေမယ့် စကားဝိုင်းအပြီး အမေရိကန်ဘက်က လာတဲ့သတင်းစကားအရတော့ စကားဝိုင်းမှာ ရုရှားနိုင် ငံထက် ဥရောပနိုင်ငံတွေကို ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ပိုလို့ အမှားမြင်ခဲ့တာလို့ဆိုပါတယ်။
ရုရှားဟာ တစ်နှစ်ကို ဥရောပသမဂ္ဂထံမှ လောင်စာဆီရောင်းချပြီး စစ်ပွဲအတွက် အထောက်အပံ့ငွေအဖြစ် ယူရို ၁ ဒသမ ၁ ဘီလျံရရှိနေလို့ ရုရှားရေနံဝယ်ယူမှုကို ဥရောပက ရပ်တန့်ရမယ်လို့ ထရမ့်ပ်က အလေးပေးပြောခဲ့တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ဒါ့ပြင် ထရမ့်ပ်က ရုရှားရဲ့စစ်ရေးအားထုတ်မှုတွေကို ငွေကြေးထောက်ပံ့မှုအတွက် တရုတ်အပေါ်စီးပွားရေးအရ ဖိအားပေးဖို့လည်း ဥရောပခေါင်းဆောင်တွေကို ပြောခဲ့တယ်ဆိုပါတယ်။
ဘယ်လိုပဲဖြစ်စေဦးတော့ ပူတင်ဆီက ရေနံဝယ်ယူမှုကို လျှော့ချဖို့ ဥရောပကို ထရမ့်ပ်က ဖိအားပေးမှုဟာ မြင့်တက်လာတယ်ဆိုအုံးတော့ ပြတ်ပြတ်သားသားတော့မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။ ယူကရိန်းမှာ စစ်ပွဲဖြစ်ပွားနေတာကြောင့် ဥရောပအနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ဆောင်ရွက်လာနေခဲ့တာပါ။ ရုရှားဟာ တစ်ချိန်ကတော့ ဥရောပသမဂ္ဂကို ရေနံအများဆုံး တင်သွင်းခဲ့တာပါ။ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတွေက ပင်လယ်ရေကြောင်းမှ ရုရှားမှ ရေနံတင်ပို့မှုနဲ့ သန့်စင်ပြီး ရေနံထွက်ကုန်တွေကို တားမြစ်ပိတ်ပင်ခဲ့ကြတာပါ။
ဒါကြောင့်လည်း ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအတွက် ထရမ့်နဲ့ ပူတင်တို့ရဲ့ ဒုတိယမြောက်ထိပ်သီးတွေ့ဆုံပွဲ က တကယ်ပဲ စစ်ပွဲရပ်ဆိုင်းရေးတိုးတက်မှုတွေဖြစ်စေမလား၊ လိပ်ခဲတည်းလည်းနဲ့ စစ်ကို ပိုလို့သာ ကြာစေမလား စောင့်ကြည့်ရမှာပါ။
Ref- CNN
