MT News
၅. ၉. ၂၀၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၃၆ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၂၀ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာ အုပ်စု၊ နားယုန်ကျေးရွာအနီးတွင် မက်မန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဦးသီလ(ခ)စိုင်းရွက် မောင်းနှင်လာသည့် TOYOTA KLUGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၂၀ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၃၆ ဘီလျံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား မက်မန်းမြို့နယ်၊ တာကော်လေးကျေးရွာအနီးမှ မိုင်းပျဉ်းမြို့နယ်၊ နားယုန်ကျေးရွာအနီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
