၃. ၉. ၂၀၂၅
Written by Phyo Wei
မြန်မာနဲ့ ကမ္ဘာ့နိုင်ငံတွေကို အနောက်အုပ်စုအလိုကျ မွှေနှောက်ခဲ့တဲ့ ဂျော့ချ်ဆိုးရော့စ်တို့သားအဖကို အမေရိကန်သမ္မတ ထရမ့်ပ်က တရားစွဲဖို့ တောင်းဆိုခဲ့တဲ့ ဒီတစ်ပတ်မှာပဲ ၂၀၂၅ ရွေးကောက်ပွဲမှာ USDP ၊ တစည၊ PPP၊ DNP၊ MFDP၊ NDF၊ ကျားဖြူ၊ အမျိုးသမီးပါတီ(မွန်)၊ NDF နဲ့ ပြည်သူ့ပါတီတို့က ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောကြားလာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း TNLA နဲ့ MDY PDF တို့ သိမ်းယူပြီးနောက်မှာ တပ်မတော်လာရောက် မတိုက်ခိုက်နိုင်အောင် ဖောက်ခွဲဖျက်ဆီး စခန်းချထားတဲ့ ဂုတ်တွင်းတံတားနဲ့ ဂုတ်ထိပ်တံတားနေရာတွေကို တပ်မတော်စစ်ကြောင်းတွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် TNLA နဲ့ MDY-PDF ခေတ္တစိုးမိုးထားတဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် သတ္တုတွင်းဒေသကိုပါ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ၊ ကမ္မမှာ PDF သုံးဦးအပါအဝင် လူငယ်ခြောက်ဦး မူးယစ်ဆေးဖြန့်ဖြူးသုံးစွဲနေတာကို PDF တွေကပဲ ဖမ်းမိပေမဲ့ တရားခံတွေထဲ PDF တွေပါနေလို့ အရေးမယူဘဲ ပြန်လွှတ်လိုက်တာ၊ KIA ဗိုလ်မှူးအဆင့်ရှိ လဖိုင်ဂျာလီအောင်က လီဆူအမျိုးသမီးနှစ်ဦးကို အနိုင်ကျင့် ရိုက်နှက်ပြီး ထိပ်တုံးခတ် အချုပ်ချလို့ ဒေသခံတွေ မကျေမနပ်ဖြစ်လို့ ဆန္ဒပြကြတာ၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ် ကော့နွဲ့တံတားကို KNU နဲ့ PDF မိုင်းခွဲဖျက်ဆီးလိုက်လို့ ပြန်လည် ပြုပြင်နေတဲ့အဖွဲ့ကို KNU နဲ့ PDF တွေကပဲ Suicide Drone နဲ့ ထပ်မံ ပစ်ချတိုက်ခိုက်လို့ လုပ်သားတစ်ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေနဲ့ TNLA နဲ့ တပ်မတော်ကြား နိုင်ငံရေးညှိနှိုင်းပွဲတွေ လုပ်ဆောင်ပေမဲ့ TNLA က စစ်ရေးရွေးပြီး ဆက်လက် တင်းမာနေတာတွေရှိပေမယ့် ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် KNU ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ရော၊ မတရားအသင်းအဖြစ်ပါ ကြေညာလိုက်တဲ့အခြေအနေတွေအကြောင်း၊ ပြည်ပပြေးကြတဲ့ NLD ပါတီဝင်တွေရဲ့ ရပ်တည်မှုဇာတ်ရှုပ်တွေအကြောင်းနဲ့ တရုတ်နိုင်ငံဆီ SCO ထိပ်သီးအစည်းအဝေးနဲ့ ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနား တက်ရောက်ခဲ့တဲ့ခရီးစဥ်က အောင်မြင်မှုတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

◾ အကြမ်းဖက် KNU
ကျောင်းသားလူငယ်များစွာကို ဖျားယောင်းလက်ခံပြီး PDF တွေ မွေးထုတ်ခဲ့သလို နိုင်ငံအတွင်း တိုက်ခိုက်ဖျက်ဆီးမှုများစွာနဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ နယ်မြေလုယက်မှုတွေ ကျူးလွန်နေတဲ့အပြင် ရွေးကောက်ပွဲကို လက်မခံဘူးလို့ မကြာခဏ ထုတ်ပြန်ကြေညာနေတဲ့ ကရင်လက်နက်ကိုင် KNU ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တဲ့အပြင် KNU နဲ့ ဆက်စပ် အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ပါ ဩဂုတ် ၂၈ ရက်မှာ ကြေညာလိုက်တာ တွေ့ရပါတယ်။
KNU /KNLA ဟာ လက်နက်ကိုင်တွေထဲ နယ်မြေအကျယ်အဝန်းကြီးကြီးမားမားရှိနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်နယ်နဲ့တိုင်းငါးခုလောက် ဖြန့်ကျက်ထားနိုင်တဲ့အပြင် NCA ကိုလည်း လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်လို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတဲ့အခါမှာ နှစ်ဖက်စလုံးမှာ ထိခိုက်ဆုံးရှုံးမှုတွေရှိတယ်လို့ ယူဆကြတာတွေလည်း ရှိသလို KNU က ကြီးကြီးမားမားဆုံးရှုံးတယ်လို့လည်း ရှုမြင်သူတွေရှိပါတယ်။
ဘာကြောင့် နှစ်ဖက်စလုံးကို ဆုံးရှုံးတယ်လို့ပြောကြလည်းဆိုရင် KNU က NCA မှာ လက်မှတ်ထိုးထားတဲ့အတွက် ဒီလိုလက်မှတ်ထိုးထားတဲ့အဖွဲ့ကို အကြမ်းဖက်ကြေညာတာက ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးကို ပိုဆိုးစေတယ်လို့ မြင်သူတွေရှိပြီး MNDAA ၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့ကြေညာတာမျိုးထက် အစိုးရနဲ့ တပ်မတော်မှာ ထိခိုက်တယ်လို့ ယူဆလို့ပါ။ KNU ထိခိုက်တယ်ဆိုတာကတော့ ပြဿနာအများကြီးကြုံလိုက်ရတာမို့ပါ။ ဘာဖြစ်လို့လဲဆိုရင် KNU ဟာ NCA ထိုးပြီးနောက်ပိုင်းမှာ မတရားအသင်းအဖြစ်ကပါ ပယ်ဖျက်ပေးခဲ့လို့ ရန်ကုန်လိုနေရာမျိုးအထိပါတက်ပြီး စီးပွားရှာနိုင်ခဲ့တာ၊ ကုမ္ပဏီတွေဖွဲဲ့ပြီး စီမံကိန်းတွေ လုပ်နိုင်ခဲ့သလို မြဝတီလိုနေရာမျိုးတွေက အခု ကျားဖြန့်ဖြစ်သွားတဲ့ စီမံကိန်းတွေ၊ မြဝတီမြို့ပေါ်က ကုမ္ပဏီလုပ်ငန်းတွေအထိပါ စုဖွဲ့လုပ်နိုင်ခဲ့တာပါ။ အခုအချိန်မှာတော့ ဒီလိုမျိုး တရားဝင်စီးပွားရှာခွင့်တွေ ရပ်ဆိုင်းကုန်သလို နိုင်ငံရေးအရ တရားဝင်မှုပါ ကုန်ဆုံးသွားတဲ့ အကြမ်းဖက်လက်နက်ကိုင် မတရားအသင်းဖြစ်သွားတဲ့အတွက် ဆယ်စုနှစ်တစ်ခုလောက်တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးအရ တရားဝင်တည်ဆောက်ထားတဲ့ အဆောက်အအုံပြိုကျသွားပြီး သိမ်းထားနိုင်တဲ့နယ်မြေတွေကိုင်ပြီး ဆွေးနွေးချင်ရင်တောင် ဆွေးနွေးခွင့်မရတော့ဘဲ ပြင်းထန်တဲ့စစ်ရေးကို ရင်ဆိုင်နေရပြီဆိုတာက အခု ဌာနချုပ်အထိပါ တိုက်ခိုက်ခံနေရတဲ့ ဖြစ်ရပ်တွေက သက်သေပါ။ ဒီနေရာမှာ KNU က NCA ထိုးထားလို့ ဒီလို NCA ထိုးထားတဲ့အဖွဲ့ကို အကြမ်းဖက်၊ မတရားအသင်းကြေညာတာကို မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ ပြောတဲ့သူတွေ မေ့နေတာက KNU ကိုယ်တိုင်က NCA ကနေ နုတ်ထွက်တယ်လို့ ၂၀၂၁ ကတည်းက ကြေညာထားပြီးသားပါ။ ဒီလို သူကိုယ်တိုင်လည်း NCA က ထွက်တယ်ပြောထားပြီးသားမို့ လက်ရှိအချိန်မှ KNU နဲ့ KNLA ပါ ဆက်စပ်အဖွဲ့အစည်းတွေကို အကြမ်းဖက်နဲ့ မတရားအသင်းကြေညာတာက နောက်တောင်ကျနေတယ်လို့ ပြောရမယ်လို့ ရှုမြင်မိသလို ကြေညာပြီးတဲ့နောက်မှာ KNU/KNLA ရဲ့ ဌာနချုပ်၊ စီးပွားရေးလုပ်ငန်းကအစ၊ သူနဲ့ထိတွေ့ဆက်ဆံတဲ့ အဖွဲ့အစည်းတွေအဆုံး နောင်ကျဥ်အောင် ဆုံးမပြီး PDF တွေ မွေးထုတ်ခဲ့လို့ တစ်နိုင်ငံလုံး ကြိမ်မီးအုံးရတာ ပြန်ခံရချိန်တန်ပြီလို့ပဲ ပြောရမှာပါ။

◾ ပြည်ပပြေး NLD ပါတီဝင်တွေရဲ့ ဇာတ်ရှုပ်
NLD ရဲ့ တရားဝင် Page ကို ပြည်ပပြေးတဲ့ NLD CEC ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးကျော်ထွေး၊ ဦးဟန်သာမြင့်နဲ့ သမက် နေဘုန်းလတ်တို့က အပိုင်စီး ခိုးယူပြီး NLD CWC ဖွဲ့ကာ လူထုကို လိမ်ညာတဲ့ ထုတ်ပြန်ချက်တွေ တရားမဝင် ထုတ်နေမှုနဲ့ CRPH ကို ချုပ်ကိုင်မှုအပေါ် NLD CWC (NLD ဗဟိုအလုပ်ကော်မတီ) တရားဝင် မဝင် ဝေဖန်တဲ့ NLD အမတ်ဟောင်း စည်သူမောင်ကို NLD ပါတီကနေ ယာယီရပ်ဆိုင်းကြောင်း NLD ပါတီက ကြေညာထားတယ်လို့ ပန်းဘဲတန်းအမတ်ဟောင်း စည်သူမောင်က လူမှုကွန်ရက်မှာ ရေးသားလာတာ ဒီတစ်ပတ်မှာ တွေ့မြင်ရပါတယ်။
တခြား NLD အမတ်ဟောင်းတွေလိုပဲ ပြည်ပပြေးပြီး CRPH ဖွဲ့စည်း၊ NUG တည်ထောင်၊ လက်ရှိအချိန်မှာ မုဒိမ်းကျင့်၊ လူသတ်၊ ဓားပြတိုက်၊ ဆက်ကြေးကောက်၊ ပြည်သူ့အလှူငွေခိုးယူမှုနဲ့ နာမည်ပျက်သွားပြီဖြစ်တဲ့ NUG/PDF တွေကို ပေါ်ထွက်စေခဲ့တဲ့ NLD CWC ရဲ့ တရားဝင်မှုနဲ့ CRPH ကို ချုပ်ကိုင်မှုတွေကို ဖော်ထုတ်ရေးသားနေတာကြောင့် NLD ပါတီက စည်သူမောင့်ကို ဩဂုတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ NLD ပါတီ တိုင်းနဲ့ပြည်နယ် ပုံမှန် အစည်းအဝေး အမှတ်စဥ် (၃/၂၀၂၅) မှာ ပါတီကာ ယာယီရပ်ဆိုင်းစာနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးကိုတော့ ပြည်တွင်းမှာ တရားဝင်မနေရဲတဲ့ NLD CEC မန်းဂျော်နီ၊ ဦးဟန်သာမြင့်၊ ဒေါက်တာမေဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့ ဦးဆောင်ခဲ့တာပါ။ ဒါ့အပြင် ၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကိုလည်း NLD ပါတီက ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါသေးတယ်။
“နံပါတ် (၁) ဘယ်အချက်ကြောင့် ပါတီ၀င်အဖြစ်မှ ယာယီရပ်ဆိုင်းထားရတာလဲဆိုတာ မရှင်းလင်းဘူး ခုထိလဲ တရားဝင်တော့ ဆက်သွယ် အကြောင်းကြားလာတာတော့ မရှိသေးဘူး။ နံပါတ် (၂) ကျနော်ရေးတဲ့ NLD CWC ရဲ့ ၄ နှစ်တာကာလအတွင်း ဖြစ်ရပ်တွေကို အပိုင်းလိုက် ထောက်ပြ သုံးသပ်ခဲ့လို့ ဒီလိုအရေးယူတယ်ဆိုရင်တော့ ပြန်လည်ရှင်းလင်းဖို့မကြိုးစားပဲ တုံ့ပြန်အရေးယူဖို့ပဲ ကြိုးစားမယ်ဆိုရင်တော့ Political Tolerance ပျောက်နေတယ်လို့ပဲ ယူဆရလိမ့်မယ်။ ငါတို့ကိုမဝေဖန်နဲ့ မထောက်ပြနဲ့ ငါတို့လုပ်ရပ်တွေ မှန်မှန်မှားမှား မင်းအလုပ်မဟုတ်ဘူး ဝေဖန်ရင် အုပ်စုဖွဲ့ပီး ပါတီအစည်းအဝေးတွေမှာ ပါတီဝိတ်နဲ့ လုပ်ပြမယ်ဆိုတဲ့ စရိုက်မျိုးက ဒီတော်လှန်ရေးကာလထဲ အုပ်စုဖွဲ့အာဏာရှင်စရိုက်ပဲ။ နံပါတ် (၃) နိုင်ငံရေးပါတီတစ်ခုမှာ အရေးယူတယ်ဆိုတာ စည်းကမ်းထိမ်းသိမ်းရေးက ကာယကံရှင်ကို စစ်ဆေးရတယ် စစ်ဆေးပေါ်ပေါက်လို့ အပြစ်ရှိရင် CEC ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ရတယ် ခု CWC အမည်ခံအုပ်စုအနေနဲ့ အဲ့လိုလုပ်ပိုင်ခွင့်လဲမရှိသလို ဒီလိုအရေးယူ ဆောင်ရွက်ခွင့် လဲရှိမနေဘူး ။ ဒီချုပ်ပါတီဝင်အဖြစ် CWC ဆီလျောက်ထားပီး ပါတီဝင်ဖြစ်ခဲ့တာ မဟုတ်ပါ။ ဘာကြောင့် ဒီလိုအရေးယူဆောင်ရွက်ခဲ့ရတယ်ဆိုတာ ဒီအောက်ကလင့်တွေမှာ အပိုင်း အလိုက်ဖော်ပြထားတဲ့ စာတွေကြောင့်ပဲဖြစ်နိုင်ခြေရှိတယ် စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ရန် မျှဝေလိုက်ပါသည်။ (သတ်ပုံမူရင်း)” စည်သူမောင်က စက်တင်ဘာ ၁ ရက် ညဦးပိုင်းက လူမှုကွန်ရက်မှာ သူ NLD CWC ကို ဝေဖန်ခဲ့တာတွေနဲ့ ယှဥ်တွဲဖော်ပြထားပါတယ်။
NLD ပါတီက CEC တွေဟာ ပြည်ပထွက်ပြေးပြီး NLD CWC ဖွဲ့တာ၊ အဲဒီ NLD CWC ကနေ လက်ရှိအချိန်မှာ နာမည်ပျက်သွားပြီဖြစ်တဲ့ CRPH, NUG, PDF တွေဖွဲ့တာ တရားမဝင်၊ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က အကျဥ်းထောင်ကနေတစ်ဆင့် ရှေ့နေတွေကနေ အသိပေးထားပေမဲ့ ဦးအောင်ကြည်ညွန်တို့အုပ်စုအဖို့ ပြည်ပမှာ အဆင်ပြေဖို့အတွက် NLD CWC နဲ့ ဖျက်သိမ်းခံ NLD ပါတီကို လည်ပတ်နေသလို NLD တရားဝင် Page ကိုလည်း ကိုယ်ကျိုးစီးပွားအတွက် ရယူသုံးစွဲနေတာပါ။ ဒီလို NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို ပြည်ပပြေးတဲ့ NLD ပါတီ CEC တွေက သူတို့ဘဝအဆင်ပြေစေရေး အလှူငွေရဖို့ လက်ဝါးကြီးအုပ်ခြယ်လှယ်ပြီး ကိုယ်ကျိုးစီးပွားအတွက် သုံးနေတာကို NLD ပါတီဝင်တွေကိုယ်တိုင် ဖော်ထုတ်နေတာတောင် ဒီလိုလူတွေကို အလှူငွေဆက်ထည့်ပြီး ထောက်ခံနေတဲ့ တော်လှန်ရေးဆိုသူလူတွေရဲ့ အသိဉာဏ်နိမ့်ကျမှုကို အံ့ဩမိရပါတယ်။ အံဩမိတာထက် ပိုပြီး ကြောက်ဖို့ကောင်းတာကလည်း ဒီလို အသိဉာဏ်နိမ့်သူတွေကို ထောက်ခံသူအဖြစ် NLD ပါတီက တစ်စုတစ်စည်း အများအပြား စုစည်းထားနိုင်တာ၊ ဘယ်လိုခိုးခိုး၊ ဘယ်လိုသတ်သတ်၊ NLD က လူတွေ လုပ်နေသရွေ့ အမှန်မြင်တတ်တဲ့ အသိဉာဏ်မဲ့လူအုပ်ကြီးက မြန်မာပြည်မှာ ကြီးစိုးနေသရွေ့ ဒီမိုး၊ ဒီရေ၊ ဒီလေကြားမှာ တိုင်းပြည်ကလည်း အမြဲနုနယ်၊ မုန်တိုင်းကလည်း အမြဲထန်နေပြီး ဒီမိုကရေစီနောက်ပြန်လှိုင်းတွေ ခဏခဏ ရိုက်နေမှာကိုပါ။

◾ တရုတ်အောင်ပွဲ
ပြီးခဲ့တဲ့ မေလတုန်းက ရုရှားမှာကျင်းပခဲ့တဲ့ နာဇီဂျာမနီကို အောင်မြင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားမှာ တရုတ်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ အခု ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူတွေ ဖက်ဆစ်ဂျပန်ကို တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံက အကြီးအကဲတွေနဲ့အတူ မြန်မာနိုင်ငံက ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ်ဆိုချိန်မှာ TNLA ရဲ့ စစ်လိုလားမှု၊ တရုတ်စီမံကိန်းရှိရာ ရခိုင်မြေမှာ AA က မြို့ ၁၄ မြို့သိမ်းထားနိုင်မှု၊ KIA နဲ့ UWSA က အဓိကထုတ်လုပ်ပြီး တရုတ်က ရယူနေတဲ့ မြေရှားတင်ပို့မှုစီမံကိန်းတွေ အပြင် အခြားသော ကြောင်းခြင်းရာတွေကြောင့် ယာယီသမ္မတရဲ့ SCO ခရီးစဥ်ကို အားလုံးက စောင့်ကြည့်နေခဲ့ကြတာပါ။

ဘာကြောင့်လဲဆို မြန်မာနိုင်ငံဟာ SCO ရဲ့ တင်းပြည့်အဖွဲ့ဝင်လည်းမဖြစ်သေးဘဲ ၂၀၂၃ ခုနှစ်ကမှ ဆွေးနွေးဖက်နိုင်ငံဖြစ်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်ကို စရောက်တဲ့အချိန်မှာ တရုတ်နိုင်ငံဟာ ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုကြသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတလို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက တခဲနက် ရေးသားကြချိန်မှာ SCO ခရီးစဥ်ကို သွားပဲသွားတာ ဘာမှအကျိုးမရှိပါဘူးလို့ ကဲ့ရဲ့ဖို့ စောင့်ကြိုနေသူတွေ စတင် စိတ်ဆင်းရဲခဲ့ကြပါတယ်။
အဲဒီနောက်မှာ ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတရှီကျင့်ဖိန်နဲ့ ဆွေးနွေးခဲ့သလို အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့လည်း မြေရှားကိစ္စ၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ လာအိုသမ္မတနဲ့လည်း စီးပွားရေးဆိုင်ရာကိစ္စရပ်အများအပြားဆွေးနွေးနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် SCO က ကမ္ဘာ့နိုင်ငံပေါင်း ၂၆ ခု ခေါင်းဆောင်တွေကြားမှာ ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောခဲ့တာ၊ Photo Deplomacy အရ ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ၊ တရုတ်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ မြောက်ကိုရီးယားနိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန် စတဲ့ ကမ္ဘာက၊ အမေရိကန်က သတိထားဆက်ဆံရတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ရော အခြားသော နိုင်ငံ့ခေါင်းဆောင်များစွာနဲ့ပါ အမြဲတစေ ထိတွေ့ပြောဆိုနေမှုဟာ ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် SCO နိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့ နွေးထွေးပျူငှာမှု၊ အသိအမှတ်ပြုမှုတွေကို တစ်ကမ္ဘာလုံးက မြင်လိုက်ရတဲ့ အခြေအနေပါ။

“ဒီအစည်းအဝေးပွဲကနေပြီးတော့ ကျွန်တော်တို့က တရုတ်သမ္မတကြီးနဲ့ ဆွေးနွေးနိုင်ခဲ့တယ်။ တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖိန်နဲ့ အဲဒီဆွေးနွေးပွဲမှာ အနှစ်ချုပ်ပြောရရင်တော့ မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ်ရှိတုန်း။ နံပါတ်တစ် အကျိုး အမြတ်ကတော့ နိုင်ငံရေးအရအသိအမှတ်ပြုမှု၊ နောက် နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်သုံးအချက်ကတော့ မြန်မာနိုင်ငံမှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုမှု၊ ပြီးရင် အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကူညီနိုင်မှု ဒါတွေကို သူကအတည်ပြုပေးလိုက်တာရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့က နောက်တစ်ခု ဘာအကျိုးအမြတ်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးပေါ့နော်။ ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့လည်း တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပြီးတော့ ကူညီသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရရှိခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ တရုတ်သမ္မတကြီးနဲ့ တွေ့တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ဟာတွေအကုန်လုံးကို ဆက်လက်ပြီးတော့ ရပ်တည်သွားမယ်။ အကူအညီပေးမယ်ဆိုတာလည်း ရရှိခဲ့ပါတယ်”လို့ ခရီးစဥ်မှာ လိုက်ပါသွားတဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုဏ်ယူစွာ ပြောကြားလာတာလည်း ဒီပွဲမှာပဲ တွေ့ရပါသေးတယ်။

ဒီနေရာမှာ ကမ္ဘာကြီးက စောင့်ကြည့်နေကြတဲ့ တရုတ်နိုင်ငံက SCO နဲ့ ဖက်ဆစ်အောင်ပွဲနေ့မှာ တရုတ်သမ္မတအပါအဝင် SCO အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေက ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် လေးစားပျူငှာ နွေးထွေးစွာ ဆက်ဆံမှုက နွေဦးတော်လှန်ရေးဖြစ်စဥ်ကြောင့် ကမ္ဘာ့အပယ်ခံလိုလို ဖြစ်နေတဲ့ မြန်မာနိုင်ငံကိုပါ နွေးထွေးပျူငှာစွာ ဆက်ဆံပေးလိုက်ကြတာပါပဲ။ ဒီလို နွေးထွေးပျူငှာမှုကပဲ မြန်မာကို ဖဲ့ကျဥ်ထားတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုကို ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးနီးနဲ့ စုဖွဲ့ထားတဲ့ SCO အဖွဲ့က “မြန်မာနိုင်ငံက ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်ခေါင်းဆောင်အဖြစ် လက်ခံကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ဦးရွက်စီမံနေတဲ့ ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ အရာအားလုံးကို SCO က အသိအမှတ်ပြုပေးလိုက်တယ်ဆိုတဲ့အကြောင်း” သတင်းစကားပါးလိုက်တာပါပဲ။ ဒါဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အောင်ပွဲဖြစ်သလို မကြာခင်မှာကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲအကြို ကမ္ဘာကြီးက အသိအမှတ်ပြုမှု အောင်ပွဲလည်းဖြစ်လို့ ဒီအောင်ပွဲအရှိန်နဲ့သာ လာမယ့် ၂၀၂၆ ဧပြီမှာ ရွေးကောက်ခံ အရပ်သားအစိုးရတစ်ရပ် အောင်အောင်မြင်မြင် ပေါ်ထွန်းလာခဲ့ရင်ဖြင့် ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ခက်ခဲပင်ပန်းခဲ့တဲ့ မြန်မာနိုင်ငံနဲဲ့ပြည်သူအဖို့ SCO အစည်းအဝေးက ပြန်ရလာတဲ့ တရုတ်အောင်ပွဲဟာ သားရွှေအိုးထမ်းလာတာလို့ လက်ခမောင်းခတ်ရလောက်တဲ့အထိ ပြန်လည်ဖွံ့ဖြိုးတိုးတက် အေးချမ်းမှုတွေ ဆောင်ကြဥ်းလာမှာဖြစ်ကြောင်း ကြိုတင်နိမိတ်ဖတ်ပြောကြားရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
