၃.၉.၂၀၂၅
Written by Hey Mar
ချောင်းထဲလှေတစ်စီးနဲ့ ကွန်ပစ်ငါးဖမ်းရင်း ရေထဲ ပြုတ်ကျကာ ပိုက်ကွန်နဲ့ပြန်ပတ်လို့ ရေပေါ်ရေလျှံလုပ်ကိုင်စားတဲ့ တံငါသည်တစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့၊ မြေနီကုန်း၊တောင်စွန်းရှိ ကန်မြိုင်ချောင်းအတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေသိရပါတယ်။
ဖြစ်စဉ်က မနေ့က စက်တင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မီနစ်အချိန်ခန့်မှာ ချောင်းထဲသွားနေတဲ့ စက်လှေတချို့ ချောင်းရေစစ်ချိန်မို့ အဆိုပါ ရုပ်အလောင်းကိုတွေ့ကာ လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကြောင်းကြားတာ သိရပါတယ်။

သေဆုံးသူက သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ လိပ်အင်း (၅) လမ်းမှာနေထိုင်သူ အသက် (၅၆) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူက နံနက် ၅ နာရီကတည်းက အိမ်ကထွက်ခွာပြီး ကွန်ပစ် ငါးဖမ်းလေ့ရှိကြောင်းလည်း သိရပါတယ်။ သူပြုတ်ကျသေဆုံးချိန်မှာ ပြန်လည်တွေ့ရှိရတဲ့ရုပ်အလောင်းကို ကြည့်ရှု့ခန့်မှန်းချက်အရ မနက်ခင်းကတည်းက ဖြစ်နိုင်ကြောင်းလည်း ရုပ်အလောင်းသွားရောက်သယ်ဆောင်ခဲ့တဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းထံက သိရပါတယ်။
အဆိုပါရုပ်အလောင်းကို အခင်းဖြစ်နေရာကနေ အကြင်နာတွဲလက် အသင်းမှ ဆယ်ယူထုပ်ပိုးသယ်ဆောင်ပြီး သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
