၂.၉.၂၀၂၅
Written By Zun
မြဝတီမြို့တွင် ဖြစ်ပွားသည့် ဓားပြတိုက် ပြန်ပေးဆွဲမှုဖြစ်စဉ်၌ပါဝင်သည့် D.K.B.A ဗိုလ်မှူးတစ်ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁) နှစ်ချ မှတ် လိုက်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (D.K.B.A) က ယနေ့ စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ဗိုလ်မှူးမှာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ ဗဟိုကုန်သွယ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးအဆင့်ရှိ စောရဲထက် (ခ) ကိုကိုမြင့်ဆိုသူဖြစ်ကြောင်း သိရသည်။
၎င်းအနေဖြင့် အဖွဲ့အစည်းကချမှတ်ထားသော စစ်စည်းကမ်းပုဒ်မ (၃၂)၊ ပုဒ်မ (၁၇) တို့ကိုကျူးလွန်ခဲ့သည့်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဗိုလ်မှူး စောရဲထက် (ခ) ကိုကိုမြင့်နှင့်အဖွဲ့က မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူ ဟာဂျီ မြတ်ကို၏ နေအိမ်ကို ဓားပြဝင်တိုက်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဟာဂျီ မြတ်ကိုအား ထပ်မံပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ D.K.B.A ယာယီတပ်ဖွဲ့ဝင်ကတ်များထုတ်ပေးခဲ့သူ ဒုတိယဗိုလ်မှူးကြီး စောထွဋ်ဖိုး ဆိုသူကိုလည်း တာဝန်မှ (၆) လ ရပ်ဆိုင်းထားကြောင်း သိရသည်။
