◾️ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ပညာတတ်များဖြစ်ရန်လိုကြောင်းပါ ပြောကြား
၂. ၉. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတကာအခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် နိုင်ငံအတွက်ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိစေကြောင်းနှင့် တရုတ်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ လာအိုသမ္မတတို့နှင့်လည်း ကောင်းမွန်သည့်ရလဒ်များ ရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ ညနေ ၅ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

မိမိအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး (Shanghai Cooperation Organisation-SCO SUMMIT 2025 Plus)၊ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာအခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက်ကောင်းမွန်သည့် အကျိုးရလဒ်များကိုရရှိစေကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မိမိ၏ အလုပ်သဘောခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ကောင်းမွန်သည့်ရလဒ်များရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံမှုများ ကောင်းမွန်တိုးတက်လျက်ရှိကြောင်း၊ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်ဆံမှုတိုးတက်ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လာမည့်ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဒီမိုကရေစီနိုင်ငံများ၌ ရွေးကောက်ပွဲသည် အရေးကြီးပြီး ရွေးကောက်ပွဲပြုလုပ်ရာတွင် မဲမသမာမှုများမဖြစ်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပညာတတ်များဖြစ်ရန်လည်းလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံအတွက်၊ ဒေသအတွက် အကျိုးပြုနိုင်မည့်သူကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်နိုင်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ သံရုံးစစ်သံရုံး မိသားစုများနှင့် ပညာတော်သင်များက လက်ခံရယူခဲ့ကြသည်။
