သတိုး
၂. ၉. ၂၀၂၅
NLD ရဲ့ တရားဝင် Page ကို ပြည်ပပြေးတဲ့ NLD CEC ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးကျော်ထွေး၊ ဦးဟန်သာမြင့်နဲ့ သမက် နေဘုန်းလတ်တို့က အပိုင်စီး ခိုးယူပြီး NLD CWC ဖွဲ့ကာ လူထုကို လိမ်ညာတဲ့ ထုတ်ပြန်ချက်တွေ တရားမဝင် ထုတ်နေမှုနဲ့ CRPH ကို ချုပ်ကိုင်မှုအပေါ် NLD CWC (NLD ဗဟိုအလုပ်ကော်မတီ) တရားဝင် မဝင် ဝေဖန်တဲ့ NLD အမတ်ဟောင်း စည်သူမောင်ကို NLD ပါတီကနေ ယာယီရပ်ဆိုင်းကြောင်း NLD ပါတီက ကြေညာထားတယ်လို့ ပန်းဘဲတန်းအမတ်ဟောင်း စည်သူမောင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တခြား NLD အမတ်ဟောင်းတွေလိုပဲ ပြည်ပပြေးပြီး CRPH ဖွဲ့စည်း၊ NUG တည်ထောင်၊ လက်ရှိအချိန်မှာ မုဒိမ်းကျင့်၊ လူသတ်၊ ဓားပြတိုက်၊ ဆက်ကြေးကောက်၊ ပြည်သူ့အလှူငွေခိုးယူမှုနဲ့ နာမည်ပျက်သွားပြီဖြစ်တဲ့ NUG/PDF တွေကို ပေါ်ထွက်စေခဲ့တဲ့ NLD CWC ရဲ့ တရားဝင်မှုနဲ့ CRPH ကို ချုပ်ကိုင်မှုတွေကို ဖော်ထုတ်ရေးသားနေတာကြောင့် NLD ပါတီက စည်သူမောင့်ကို ဩဂုတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ NLD ပါတီ တိုင်းနဲ့ပြည်နယ် ပုံမှန် အစည်းအဝေး အမှတ်စဥ် (၃/၂၀၂၅) မှာ ပါတီကာ ယာယီရပ်ဆိုင်းစာနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးကိုတော့ ပြည်တွင်းမှာ တရားဝင်မနေရဲတဲ့ NLD CEC မန်းဂျော်နီ၊ ဦးဟန်သာမြင့်၊ ဒေါက်တာမေဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့ ဦးဆောင်ခဲ့တာပါ။ ဒါ့အပြင် ၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကိုလည်း NLD ပါတီက ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါသေးတယ်။

“နံပါတ် (၁) ဘယ်အချက်ကြောင့် ပါတီ၀င်အဖြစ်မှ ယာယီရပ်ဆိုင်းထားရတာလဲဆိုတာ မရှင်းလင်းဘူး ခုထိလဲ တရားဝင်တော့ ဆက်သွယ် အကြောင်းကြားလာတာတော့ မရှိသေးဘူး။ နံပါတ် (၂) ကျနော်ရေးတဲ့ NLD CWC ရဲ့ ၄ နှစ်တာကာလအတွင်း ဖြစ်ရပ်တွေကို အပိုင်းလိုက် ထောက်ပြ သုံးသပ်ခဲ့လို့ ဒီလိုအရေးယူတယ်ဆိုရင်တော့ ပြန်လည်ရှင်းလင်းဖို့မကြိုးစားပဲ တုံ့ပြန်အရေးယူဖို့ပဲ ကြိုးစားမယ်ဆိုရင်တော့ Political Tolerance ပျောက်နေတယ်လို့ပဲ ယူဆရလိမ့်မယ်။ ငါတို့ကိုမဝေဖန်နဲ့ မထောက်ပြနဲ့ ငါတို့လုပ်ရပ်တွေ မှန်မှန်မှားမှား မင်းအလုပ်မဟုတ်ဘူး ဝေဖန်ရင် အုပ်စုဖွဲ့ပီး ပါတီအစည်းအဝေးတွေမှာ ပါတီဝိတ်နဲ့ လုပ်ပြမယ်ဆိုတဲ့ စရိုက်မျိုးက ဒီတော်လှန်ရေးကာလထဲ အုပ်စုဖွဲ့အာဏာရှင်စရိုက်ပဲ။ နံပါတ် (၃) နိုင်ငံရေးပါတီတစ်ခုမှာ အရေးယူတယ်ဆိုတာ စည်းကမ်းထိမ်းသိမ်းရေးက ကာယကံရှင်ကို စစ်ဆေးရတယ် စစ်ဆေးပေါ်ပေါက်လို့ အပြစ်ရှိရင် CEC ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ရတယ် ခု CWC အမည်ခံအုပ်စုအနေနဲ့ အဲ့လိုလုပ်ပိုင်ခွင့်လဲမရှိသလို ဒီလိုအရေးယူ ဆောင်ရွက်ခွင့် လဲရှိမနေဘူး ။ ဒီချုပ်ပါတီဝင်အဖြစ် CWC ဆီလျောက်ထားပီး ပါတီဝင်ဖြစ်ခဲ့တာ မဟုတ်ပါ။ ဘာကြောင့် ဒီလိုအရေးယူဆောင်ရွက်ခဲ့ရတယ်ဆိုတာ ဒီအောက်ကလင့်တွေမှာ အပိုင်း အလိုက်ဖော်ပြထားတဲ့ စာတွေကြောင့်ပဲဖြစ်နိုင်ခြေရှိတယ် စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ရန် မျှဝေလိုက်ပါသည်။ (သတ်ပုံမူရင်း)” စည်သူမောင်က စက်တင်ဘာ ၁ ရက် ညဦးပိုင်းက လူမှုကွန်ရက်မှာ သူ NLD CWC ကို ဝေဖန်ခဲ့တာတွေနဲ့ ယှဥ်တွဲဖော်ပြထားပါတယ်။


NLD ပါတီက CEC တွေဟာ ပြည်ပထွက်ပြေးပြီး NLD CWC ဖွဲ့တာ၊ အဲဒီ NLD CWC ကနေ လက်ရှိအချိန်မှာ နာမည်ပျက်သွားပြီဖြစ်တဲ့ CRPH, NUG, PDF တွေဖွဲ့တာ တရားမဝင်၊ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က အကျဥ်းထောင်ကနေတစ်ဆင့် ရှေ့နေတွေကနေ အသိပေးထားပေမဲ့ ဦးအောင်ကြည်ညွန်တို့အုပ်စုအဖို့ ပြည်ပမှာ အဆင်ပြေဖို့အတွက် NLD CWC နဲ့ ဖျက်သိမ်းခံ NLD ပါတီကို လည်ပတ်နေသလို NLD တရားဝင် Page ကိုလည်း ကိုယ်ကျိုးစီးပွားအတွက် ရယူသုံးစွဲနေတာဖြစ်ပါတယ်။



