




၃၁. ၈. ၂၀၅
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များသည် ဩဂုတ် ၃၁ ရက် (ယနေ့) နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာ (၆) ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ဦးခန့် တက်ရောက်ကြသည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းအသင်းများအကြားနှင့် မြန်မာ-တရုတ် ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာများကို ပြည်ထောင်စုဝန်ကြီးများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် China Association of Small and Medium Enterprise (CASME) တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံဖြိုး တိုးတက်ရေးအသင်း (MICA) နှင့် China Association of Small and Medium Enterprise (CASME)တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ရွှေသံလွင်ဟိုးလ်ဒင်းကုမ္ပဏီလီမိတက်နှင့် China Harbour Engineering Company Limited တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် Royal Green Ocean ကုမ္ပဏီလီမိတက်နှင့် Jiangxi Longzheng Company Limited တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ Transland ကုမ္ပဏီလီမိတက်နှင့် Yunnan Baoshan Hengyi industry group တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ Platypus ကုမ္ပဏီလီမိတက်နှင့် China Enerever Solutions (ရှန်ဟိုင်း) Company Limited တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
