◾ TikTok ဗီဒီယိုလူမှုကွန်ရက်က အင်ဒိုနီးရှားနိုင်ငံအတွင်း လုပ်ငန်းများ ရက်အနည်းငယ်ဆိုင်းငံ့

၃၁.၈.၂၀၂၅
translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံအနှံ့ ဒေသဆိုင်ရာလွှတ်တော်အဆောက်အအုံတွေကို ဆန္ဒပြသမားတွေက မီးရှို့ဖျက်ဆီးမှုတွေနဲ့အတူ မြို့တော်ဂျာကာတာမှာ ဆန္ဒပြမှုတွေက ရက်အတော်ကြာ ဆက်လက်ဖြစ်ပွားနေခဲ့တာတွေကြောင့် အင်ဒိုနီးရှားသမ္မတ ပရာဗိုဝို ဆူဘီယန်တိုဟာ သူ့ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့တဲ့ ခရီးစဉ်ကို သြဂုတ်လ ၃၀ ရက်ကဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအဆုံးမှာ ဂျပန်တို့တရားဝင်လက်နက်ချတဲ့ အနှစ် ၈၀ ပြည့်အခမ်းအနားအမှတ်တရအဖြစ် စက်တင်ဘာလ ၃ ရက်မှာ တရုတ်နိုင်ငံအတွင်းကျင်းပမယ့် Victory Day စစ်ချီတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ တရုတ်နိုင်ငံခရီးစဉ်ကို သမ္မတ ပရာဗိုဝိုက စီစဉ်ထားခဲ့တာပါ။

ဒါပေမယ့် တစ်နှစ်နီးပါးကြာပြီဖြစ်တဲ့ သမ္မတ ပရာဗိုဝိုရဲ့ အစိုးရကို စိန်ခေါ်အားစမ်းမှုတစ်ရပ်လို့ဆိုရမယ့် ဆန္ဒပြပွဲတွေက အခုရက်သတ္တပတ်မှာ ဂျာကာတာမြို့မှာ စတင်ဖြစ်ပွားခဲ့တာပါ။
လွှတ်တော်အမတ်တွေရဲ့လစာတွေ၊ ခံစားခွင့်တွေကိုတော့ တိုးမြှင့်ပေးပြီး အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာသတ်မှတ်ဖို့ကိုတော့ အစိုးရကနှောင့်နှေးနေခဲ့မှုအပေါ် မကျေမနပ် စတင်ဆန္ဒပြခဲ့ကြတာပါပဲ။ သြဂုတ်လ ၂၈ ရက်မှာ ဆန္ဒပြမော်တော်ဆိုင်ကယ်အငှားယာဉ်မောင်းတစ်ဦးကို ရဲတပ်ဖွဲ့ သံချပ်ကာကားက ဝင်တိုက်လို့သေဆုံးရပြီးနောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ပိုလို့ အရှိန်မြင့်လာခဲ့တာပါပဲ။
သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာဆက်ယို ဟာဒီက “သမ္မတအနေနဲ့ ဆူပူမှုအခြေအနေတွေကို တိုက် ရိုက်ထိန်းချုပ်ဖို့လိုလားနေပြီး အကောင်းဆုံးဖြေရှင်းချက်တွေကိုလည်းရှာနေပါတယ်။ ဒါကြောင့်လည်း သမ္မတအနေနဲ့ ဖိတ်ကြားမှုအတိုင်းတက်ရောက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ တရုတ်အစိုးရကို တောင်းပန်ခဲ့ပါတယ်”လို့ သြဂုတ်လ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။

ဒီလို ခရီးစဉ်ကိုဖျက်သိမ်းရတဲ့ နောက်တစ်ချက်ကတော့ စက်တင်ဘာလအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့လည်းရှိနေသေးလို့ပါလို့ ပရာဆက်ယိုဟာဒီက ပြောခဲ့ပါသေးတ်။
သြဂုတ်လ ၃၀ ရက်မှာတော့ ဆန္ဒပြသမားတွေက အနောက်နူဆာတန်ဂါရာပြည်နယ်၊ အလယ်ဂျာဗားပြည်နယ်၊ ပေကာလောင်ဂန်မြို့နဲ့ အနောက်ဂျာဗားပြည်နယ် စီရီဘွန်မြို့တို့မှာ ဒေသဆိုင်ရာလွှတ်တော် အဆောက်အအုံတွေကို မီးရှို့တဲ့အထိ ဆန္ဒပြမှုတွေက မြင့်တက်လာပါတယ်။
ဂျာကာတာမြို့မှာဆိုရင်လည်း ဆန္ဒပြလူအုပ်ကြီးတစ်စုက NasDem နိုင်ငံရေးပါတီမှ ဥပဒေပြုလွှတ်တော်အမတ် အာမက်ဆာရိုနီရဲ့အိမ်ကို အကြမ်းဖက်ဝင်ရောက်လုယက်ကာ အိမ်တွင်း ပရိဘောဂပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြမှုတွေအရ တရုတ်နိုင်ငံ၊ ByteDance ကုမ္ပဏီရဲ့ TikTok ဗီဒီယိုလူမှုကွန်ရက်ကလည်း အင်ဒိုနီးရှားနိုင်ငံအတွင်း သူ့ရဲ့လုပ်ငန်းတွေကို ရက်အနည်းငယ်ဆိုင်းငံ့ထားဦးမယ်လို့ သြဂုတ်လ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရက အခုရက်သတ္တပတ်အတွင်း Meta Platforms နဲ့ TikTok တို့အပါအဝင် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းတွေကို ခေါ်ယူပြီး သတင်းမှားတွေ အွန်လိုင်းမှာမတင်ကြဖို့၊ လူမှုကွန်ရက်တွေက သတင်းမှားတွေက ဆန္ဒပြမှုတွေကို ပိုလို့ အရှိန်မြင့်အောင်လှုံ့ဆော်ပေးသလိုဖြစ်နေတယ်ဆိုတာ ပြောခဲ့ပါသေးတယ်။
Ref- CNN
