၃၀. ၈. ၂၀၂၅
Translated by Thettant
ဂျပန်နိုင်ငံက အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့အတန်းဖော် သူငယ်ချင်းရဲ့ အသက် ၈၃ နှစ်အရွယ် အဘွားနဲ့ ချစ်ကြိုက်နေကြပြီး မိသားစုရဲ့ ခွင့်ပြုချက်နဲ့အတူ အတူနေထိုင်နေကြပါတယ်။
ဒီလိုမျိုး မဖြစ်နိုင်လောက်တဲ့ စုံတွဲဟာ Disneyland ကို အတူတူ သွားလည်ရင်း အချင်းချင်း ချစ်နေကြတဲ့အကြောင်း ဖွင့်ပြောခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းက လူမှုကွန်ရက်ပေါ်မှာတော့ အမြင်နှစ်မျိုး ကွဲပြားနေပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုဖု ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့အတန်းဖော်ရဲ့ အဘွားဖြစ်သူ အသက် ၈၃ နှစ်အရွယ် အိုင်ကိုနဲ့ ချစ်ကြိုက်နေကြပြီး နှစ်ဖက်မိသားစုကလည်း ဒီအချစ်ရေးကို ထောက်ခံပေးထားကြပါတယ်။ သူတို့စုံတွဲရဲ့ အင်တာဗျူးဗီဒီယို လူမှုကွန်ရက်ပေါ် ပျံ့သွားတဲ့အခါမှာ လူသိများလာခဲ့ကြတာပါ။
ဗီဒီယိုထဲမှာ ကိုဖုက အိုင်ကိုရဲ့ လက်ကို ချစ်ချစ်ခင်ခင် ဆုပ်ကိုင်ထားပါတယ်။ အိုင်ကိုဟာ ချိုသာတဲ့ အသံ၊ လက်သည်းနီဆိုးထားတာနဲ့ ခေတ်ဆန်တဲ့ ဆံပင်အတိုလေးတွေကြောင့် သူ့အသက်ထက် အများကြီး ပိုပြီး နုပျိုနေပါတယ်။
အိုင်ကိုက သူတို့ရဲ့ ချစ်သက်တမ်း ၆ လကျော်ပြီဖြစ်ပြီး ချစ်သူများနေ့မှာ စတင်ချစ်ခဲ့ကြတာလို့ ဆိုပါတယ်။ Online သတင်းဌာနတစ်ခုဖြစ်တဲ့ 8Days ရဲ့ ဖော်ပြချက်အရ အိုင်ကိုဟာ ဥယျာဉ်ခြံမြေ ပညာရှင်တစ်ဦးဖြစ်ပြီး ကြီးမားတဲ့ ရုက္ခဗေဒဥယျာဉ်တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
သူမဟာ အိမ်ထောင် ၂ ကြိမ်ပြုခဲ့ပြီး သားတစ်ဦး၊ သမီးတစ်ဦးနဲ့ မြေး ၅ ယောက်ရှိတယ်လို့ သိရပါတယ်။ ကွာရှင်းပြီးနောက်မှာ သားဖြစ်သူရဲ့ မိသားစုနဲ့ အတူနေထိုင်ခဲ့ပါတယ်။ အိုင်ကိုဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို ကျင့်သုံးပြီး အဝတ်အစားကိုလည်း ဂရုတစိုက် ဝတ်ဆင်လေ့ရှိသလို သူ့ကိုယ်သူလည်း ဖက်ရှင်ကျအောင် နေထိုင်တတ်တာကြောင့် နုပျိုတဲ့ရုပ်သွင်ကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။
ကိုဖုကတော့ တက္ကသိုလ်ကျောင်းပြီးခါနီးပြီဖြစ်ပြီး ဖန်တီးမှုဆိုင်ရာ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းနေပါတယ်။ ဗီဒီယိုထဲမှာ ကိုဖုက အိုင်ကိုရဲ့ မြေးမလေးနဲ့ သူဟာ အတန်းဖော်တွေဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ကိုဖုဟာ အိုင်ကိုတို့အိမ်ကို အလည်သွားရင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာတင် အိုင်ကိုကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ။
အိုင်ကိုကလည်း ကိုဖုကို အဲ့ဒီလိုမျိုးပဲ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ “ကိုဖုက အစားအသောက် အတော်စားနိုင်သလို အရမ်းလည်း နူးညံ့ပါတယ်။ ဒီလိုမျိုး တက်ကြွ ဖြတ်လတ်တဲ့ လူငယ်မျိုးကို ကျွန်မတစ်ခါမှ မတွေ့ဖူးပါဘူး။ သူ့ကို မြင်မြင်ချင်း ဆွဲဆောင်မှုခံစားမိခဲ့တာပါ” လို့ အိုင်ကိုက ပြောပါတယ်။

ဒါပေမဲ့ အစပိုင်းမှာတော့ သူတို့နှစ်ဦးဟာ အသက်ကွာဟမှုကြောင့် သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်မပြောရဲဘဲ တုံ့ဆိုင်းနေခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေးအတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခုကတော့ အိုင်ကိုရဲ့ မြေးမလေးက စီစဉ်ပေးခဲ့တဲ့ Disneyland ခရီးစဉ်မှာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ကို မြေးမလေးက နောက်ပိုင်းမှာ မလိုက်ဖြစ်တော့တာကြောင့် သူတို့နှစ်ဦးတည်းသာ အတူတူ သွားခဲ့ကြရပါတယ်။
နေဝင်ချိန်မှာ စင်ဒရဲလားရဲတိုက်ကို ကြည့်နေတုန်း ကိုဖုက သူ့ရဲ့ခံစားချက်တွေကို အိုင်ကို့ကို ဖွင့်ပြောခဲ့ပါတယ်။ “အဲ့ဒီအချိန်မှာ ကျွန်မ လုံးဝကို ဆွဲဆောင်မှုခံစားလိုက်ရပါတယ်” လို့ အိုင်ကိုက ပြောပါတယ်။
အခုတော့ သူတို့စုံတွဲဟာ အတူတူ နေထိုင်နေကြပါပြီ။ ဒါပေမဲ့ ဘယ်သူ့အိမ်မှာ နေထိုင်နေကြလဲဆိုတာတော့ မပြောပြပါဘူး။ သတင်းတွေအရ သူတို့နှစ်ဦးဟာ ခဏတာ လျှို့ဝှက်တွဲခဲ့ကြပြီး သူတို့ရဲ့ အချစ်ရေးလူသိသွားတဲ့အခါ နှစ်ဖက်မိသားစုကပါ ထောက်ခံပေးခဲ့ကြတာလို့ သိရပါတယ်။
သူတို့စုံတွဲက လက်ထပ်မယ့်အကြောင်း မပြောရသေးပေမဲ့ ကိုဖုကတော့ သူ့အတွက် အပျော်ဆုံးအချိန်က မနက်နိုးလာလို့ သူ့ချစ်သူရဲ့ မျက်နှာကို မြင်ရတဲ့အချိန်ပဲလို့ ဆိုပါတယ်။ “သူက ခန္ဓာကိုယ်သေးသေးလေးနဲ့ ကျွန်တော့်ကို မော့ကြည့်တဲ့အခါမျိုးတွေ ရှိပါတယ်။ တစ်ခါတလေကျရင် ကျွန်တော့်ကို မှီပြီး လဲကျတတ်တာမျိုးလေးတွေလည်း ရှိတော့ မနေနိုင်အောင်ကို ချစ်ရပါတယ်” လို့ ကိုဖုက ပြောပါတယ်။
အိုင်ကိုကတော့ ကိုဖု အလုပ်သွားတဲ့အခါ အထီးကျန်သလို ခံစားရပေမဲ့ ကိုဖုအတွက် ထမင်းဟင်းချက်ရတာက သူ့ကို တက်ကြွစေတယ်လို့ ဆိုပါတယ်။ “သူက ကျွန်မ အိပ်ရာမဝင်ခင် သွားတိုက်ပေးတတ်ပါသေးတယ်” လို့လည်း အိုင်ကိုက ထပ်ပြောပါတယ်။
သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပေမဲ့ သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အမြင်တွေကတော့ အကြီးအကျယ် ကွဲပြားနေပါတယ်။ တချို့လူတွေကတော့ “အိုင်ကိုရဲ့ တက်ကြွမှုနဲ့ စကားပြောပုံက အဘွားတစ်ယောက်ရဲ့ပုံစံမဟုတ်ဘဲ ချစ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့တူတယ်” လို့ မှတ်ချက်ပေးကြပါတယ်။
နောက်တစ်ယောက်ကတော့ “သူတို့က ရုပ်ပိုင်းဆိုင်ရာအရမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ ချစ်စစ်ကို ရှာပိုင်ခွင့်ရှိပါတယ်” လို့ ရေးခဲ့ပါတယ်။
ဒါပေမဲ့ နောက်ထပ်တစ်ယောက်ကတော့ “သူတို့ကြားက အသက်ကွာဟမှုက အရမ်းများနေတော့ တူညီတဲ့အရာတွေလည်း သိပ်မရှိနိုင်ပါဘူး” လို့ ဆိုပါတယ်။

စတုတ္ထတစ်ဦးကတော့ “ဒီအချစ်ဇာတ်လမ်းကို ယုံရခက်ပေမဲ့ တကယ်ပဲ လျှို့ဝှက်ချက်မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်ဆိုရင်တော့ သူတို့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ရေးခဲ့ပါတယ်။
ဒီလိုမျိုး အသက်ကွာဟမှုများတဲ့ ထူးဆန်းတဲ့ အချစ်ရေးတွေဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက E-commerce စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ့သားရဲ့ ရုရှားအတန်းဖော်နဲ့ လက်ထပ်ခဲ့ပြီး ကိုယ်ဝန်ရှိနေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒီစုံတွဲကတော့ အသက် ၂၀ ကျော် ကွာဟသလို အရပ်အမြင့်ကလည်း ၃၀ စင်တီမီတာလောက် ကွာဟတယ်လို့ သိရပါတယ်။
Ref., SCMP
