၃၀.၈.၂၀၂၅
Written By Zun
ကချင်လက်နက်ကိုင်တပ် KIA မှ ဗိုလ်မှူးအဆင့်ရှိသူဟုဆိုသည့် လဖိုင်ဂျာလီအောင်က မအာလူးမီးဆိုသူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးအပါအဝင် လီဆူအမျိုးသမီးနှစ်ဦးအား ရိုက်နှက်သည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်ကာ ယနေ့ သြဂုတ်လ ၃၀ ရက်တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ သြဂုတ်လ ၂၉ ရက် ညနေက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာတွင် KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးလဖိုင်ဂျာလီအောင်က အသက် ၃၀ ဝန်းကျင်ရှိ မအာလူးမီးဆိုသူ အမျိုးသမီးအပါအဝင် လီဆူအမျိုးသမီးနှစ်ဦးအား ဝိုင်းဝန်းရိုက်နှက်၍ ထိပ်တုံးခတ် အချုပ်ချခဲ့သောကြောင့် ဒေသခံပြည်သူ အင်အားတစ်ရာကျော်က ယနေ့ နံနက်က KIO/KIA ဆက်ဆံရေး ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများထဲတွင် အမျိုးသမီး အများစုပါဝင်ပြီး ယင်းတို့က ဗိုလ်မှူးလဖိုင်ဂျာလီအောင်အလိုမရှိ၊ အမြန်ဆုံး အရေးယူပေး၊ အမြန်ဆုံး ထွက်ခွာသွားဟူ၍ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ လန်ဆယ်ကျေးရွာအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် မအာလူးမီး အပါအဝင် ၎င်းတို့အမျိုးသမီးအဖွဲ့ စားသောက်နေချိန်၌ ဗိုလ်မှူးအဆင့်ရှိ လဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက ရွှေလုပ်ကွက် အကြောင်းပြောဆိုရန် ခေါ် ခိုင်း၍ စကားပြောရာမှ မအာလူးမီးနှင့် ဝင်ရောက်တားမြစ်သည့် သူငယ်ချင်းတစ်ဦးကိုအနိုင်ကျင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိုက်နှက်ခံခဲ့ရသည့် မအာလူးမီးဆိုသူမှာ အသက် (၃၄)နှစ်အရွယ်ဖြစ်ပြီး လန်ဆန်ကျေးရွာတွင် ဈေးရောင်း၍ ရွှေလုပ်ကွက်ဆိုတ်တစ်ခုတွင် ထမင်းချက်သည့်အလုပ်ကိုပါ လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
“သူက လုပ်ကွက်ထဲမှာ ထမင်းလည်းချက်တယ်။ ဈေးလည်းရောင်းတယ်။ အာလူးမီးကို ရွှေခိုးတယ်လို့ စွပ်စွဲပြောဆိုတာ ကြားရပါတယ်။ စွပ်စွဲတာပြောဆိုတာက ပြဿနာ မရှိနိုင်ပေမဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာက လက်ခံလို့ မရပါဘူး”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
KIA တပ်မဟာ(၇) လက်အောက်ခံ အမှတ်(၅၁) တပ်ရင်းမှူး လဖိုင်ဂျာလီအောင်သည် ယခင်က KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ လုံခြုံရေးတာဝန်ယူခဲ့ဖူးသူဖြစ်ပြီး လက်ရှိ လန်ဆယ်ဒေသတွင် ဩဇာအာဏာအကြီးဆုံးသူဖြစ်ကြောင်း သိရသည်။



