၂၉. ၈. ၂၀၂၅
Written by Nay Moe

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန် နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည့်အပြင် ကုန်တင် မော်တော် ယာဉ်များအား တားဆီး၍ မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းအား လုယက်ယူဆောင်ခြင်းများ လုပ်ဆောင် လျက်ရှိရာ ယခုလည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ PDF ၃၀ ခန့် ပါဝင်သော လက်နက်ကိုင်အဖွဲ့က ကုန်တင် မော်တော်ယာဉ် တစ်စီးအား တားဆီး၍ ကုန်ပစ္စည်းများ လုယက်ယူဆောင်ကာ မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးလိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် မြို့နယ်၊ ကန်ဖျားရပ်ကွက်နေ ဦးလှမျိုး(၄၁)နှစ် မောင်းနှင်လာသည့် 4B-XXXX HINO ကုန်တင်မော်တော် ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့ဘက်သို့ ထွက်ခွာလာစဉ် မြိတ်မြို့နယ်၊ လသာကျေးရွာအနီး ဒေသအခေါ် ရေနစ်ကွင်းအရောက် PDF အင်အား ၃၀ ဦးခန့်က မော်တော်ယာဉ်အား ရပ်တန့်ခိုင်း၍ မော်တော်ယာဉ်ပေါ်ပါ လူသုံးကုန်ပစ္စည်း မျိုးစုံ(တန်ဖိုးငွေကျပ် သိန်း ၁,၂၀၀ ခန့်)အား လုယက် ယူဆောင်ပြီး မော်တော်ယာဉ်အား မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကုန်တင်မော်တော်ယာဉ်များအား တားဆီး၍ မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများ လုယက် ယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေး လုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
