၂၉. ၈. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေအား ဦးစားပေးကဏ္ဍ ၇ ခုသို့ လာမည့် စက်တင်ဘာလတွင် စတင်ထုတ်ချေးနိုင်ရေး ဆောင်ရွက်သွားရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့က ပြုလုပ်သည့် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။
လက်ရှိတွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဘဏ်များမှ ချေးငွေထုတ်ချေးရာတွင် ဆောင်ရွက်ရမည့် ချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် (SOP) အား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များအရ ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ဘဏ်များနှင့် Finance Company များက ပါဝင်ဆောင်ရွက်လိုကြောင်း လျှောက်ထားချက်များပေါ်မူတည်၍ ဘဏ်များ၏ ချေးငွေဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုပေါ်မူတည်၍ ပထမအဆင့်အနေဖြင့် ပုဂ္ဂလိကဘဏ် (၈) ဘဏ်နှင့် Finance Company (၂) အား ရွေးချယ်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါဘဏ်နှင့် Finance Company များမှတစ်ဆင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအသီးသီး၏ လုပ်ဆောင်ချက်များနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ မူဝါဒများကို ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဘဏ်နှင့် Finance Company များသို့ ရှင်းလင်းသွားမည်ဖြစ်သည်။
ယင်းကဲ့သို့ ရှင်းလင်းပြီးပါက ဦးစားပေးကဏ္ဍများဖြစ်သည့် ကုန်သွယ်ရေး၊ MSME လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ထုတ်ချေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ညွှန်ကြားခဲ့သည်။
