
၂၉. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့မှာ သေနတ်ပစ်လေ့ကျင့်နေတဲ့ရုပ်သံဖိုင်ကို လူမှုကွန်ရက်ပေါ်တင်ရာက ဒီနေ့မနက်ပိုင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ မူးယစ်ဆေးဖြန့်သူတွေ ဖြစ်နေပြီး ဒီဖမ်းဆီးမှုအတွင်းမှာ ထိုင်း ဘတ်တစ်သိန်းကျော်နဲ့ မူးယစ်ဆေးတွေအပြင် အခြား ဆက်စပ်ပစ္စည်းတွေပါ ဖမ်းဆီး သိမ်းဆည်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်အစ အခု သြဂုတ်လ ၂၇ ရက်နေ့က လူမှုကွန်ရက်မှာ မြန်မာနိုင်ငံသားတစ်ဦး ဖူးခက်မြို့နယ်ခွဲ ရပ်ဆဒါမြို့က ဒီရေတောထဲမှာ သေနတ်နဲ့ ပစ်ခတ်လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက်မှာ ဖူးခက်မြို့နယ်ရဲစခန်းမှူး ရဲမှူး ချာထရီ ချူကောင်းဟာ ဒုတိယရဲမှူး ချူဝမ်နာရက် အတ်တာဝပ်ကို ဖြစ်စဥ်နေရာ အချက်အလက်တွေနဲ့ CCTV ကင်မရာတွေကို စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ကျူးလွန်သူ စီးနင်းလာတဲ့ ဆိုင်ကယ်နံပါတ်ကို သိရှိပြီးတဲ့နောက်မှာ ဖူးခတ်မြို့နယ်၊ ချလုံမြို့နယ်ခွဲ၊ ဆွိုင်းယော့ဆနေ (၁) မှာ ငှားရမ်းနေတဲ့ ငယ်ထွေး ဆိုသူ အခန်းကို ဖူးခတ်ရဲတပ်ဖွဲ့က ဒီနေ့ ဩဂုတ် ၂၉ ရက်နံနက်ပိုင်းအချိန် သွားရောက်စစ်ဆေးခဲ့ရာမှာ သူနဲ့အတူရှိနေတဲ့ နောက်ထပ်တစ်ဦးကိုပါ တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေက မြန်မာနိုင်ငံသား ငယ်ထွေး (ခ) မောင်စကရူး၊ အသက် ၃၄ နှစ်နဲ့ အေးသူ၊ အသက် ၃၂ နှစ်တို့ဖြစ်ပြီး သူတို့နဲ့အတူ ဘိန်းဖြူ ၂၂ ဒသမ ၆ ဂရမ်၊ စိတ်ကြွဆေးပြား ၁၇၅ ပြား၊ ၉ မီလီမီတာကျည်ဆံ ၅ တောင့်၊ နော်ရင်ကို အမျိုးအစား ပစ္စတို ၁ လက်၊ ဆိုင်ကယ် ၃ စီးအပြင် ငွေသား ဘတ် ၁၀၇,၅၁၀ တို့ကို သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။

စုံစမ်းထောက်လှမ်းရေးအဖွဲ့က စိတ်ကြွဆေးပြားတွေ၊ ဘိန်းဖြူတွေ၊ သေနတ်၊ ကျည်ဆံနဲ့ ငွေသားတွေကို တွေ့ရှိခဲ့သူ နှစ်ဦးစလုံးကို ဖူးခက်မြို့နယ်ရဲစခန်းကို ခေါ်ယူစစ်ဆေးရာမှာ ငယ်ထွေးရဲ့ ထွက်ဆိုချက်အရ သူဟာ ရပ်ဆဒါမြို့နယ်ခွဲ၊ ဒီရေတောထဲမှာ သေနတ်ပစ်လေ့ကျင့်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးတွေဟာ သူ့အပိုင်ဖြစ်ပြီး ဖူးခက်မြို့နယ်နဲ့ ချလုံမြို့နယ်ခွဲက မြန်မာနိုင်ငံသားတွေကို ပြန်လည်ရောင်းချဖို့ဖြစ်ကြောင်း၊ သေနတ်ကိုတော့ သူဆောင်ထားဖို့ ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူ နှစ်ဦးကို ဖူးခတ်ရဲတပ်ဖွဲ့က ချလုံမြို့နယ် ရဲစခန်းထံ အမှုဖွင့် အရေးယူနိုင်ဖို့ လွှဲပြောင်းပေးခဲ့ပြီး ဖမ်းမိ တရားခံနှစ်ဦးဟာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ ရောင်းချမှုအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုတို့နဲ့လည်း စွဲချက်တင်ခံခဲ့ရပါတယ်။ ဒါ့အပြင် ငယ်ထွေးကိုတော့ သေနတ်ပိုင်ဆိုင်ခွင့်လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိမှုနဲ့ တရားမဝင်နေထိုင်မှုတို့နဲ့ပါ ထပ်မံစွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

Ref, Phuket Times
