၂၉.၈.၂၀၂၅
Written by Thiri
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဒေသက ရှေးဟောင်း အဆောက်အအုံ၊ ဘုရား၊ စေတီ ၅၀ ခန့်ရဲ့ တည်ဆောက်ပုံ ထိန်းသိမ်းရေးနဲ့ ဓာတုဗေဒဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းရဲ့ ဒုတိယအဆင့်ကို ဆောင်ရွက်ဖို့ တာဝန်ပေးထားတဲ့ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့ဟာ အခုသီတင်းပတ်အတွင်း ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီဖြစ်သလို လာမယ့် စက်တင်ဘာလကနေ စတင်ပြီး စီမံကိန်းကို စတင်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါစီမံကိန်းအတွက် အိန္ဒိယနိုင်ငံအစိုးရရဲ့ အကူအညီနဲ့ ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၇၂ ဆူ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာ နားလည်မှုသဝဏ်လွှာ (MoU) ကို ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါလုပ်ငန်းများအတွက် မြန်မာနိုင်ငံသို့နည်းပညာနှင့် ငွေကြေးဆိုင်ရာ အကူအညီများပေးရန် သဘောတူညီခဲ့ကြပါတယ်။
ပုဂံဒေသ ပြန်လည်ထူထောင်ရေးစီမံကိန်းရဲ့ ပထမအဆင့်အောက်ရှိ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၁၁ ဆူ (လုပ်ငန်း ၂၂ ခု) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး သံအမတ်ကြီး Abhay Thakur နဲ့ မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့ရှေ့မှောက်မှာ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သလို စီမံကိန်းရဲ့ ဒုတိယအဆင့်ကလည်း အခုအချိန်အထိ ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုတွေကို အခြေခံကာ ပိုမိုတိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI)က ဓာတုဗေဒထိန်းသိမ်းရေးနှင့် ကြံ့ခိုင်ရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်တွေဟာ ပုဂံရှိ ထင်ရှားကျော်ကြားတဲ့ အာနန္ဒာဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအပါအဝင် ပုဂံပြန်လည်ထူထောင်ရေးစီမံကိန်းရဲ့ ပထမအဆင့် စီမံကိန်းအောက်ရှိ ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၁၁ ဆူတို့ကို ထိန်းသိမ်းပြုပြင်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ကာ ဒေသခံ လက်မှုပညာရှင်တွေရဲ့ အကူအညီတွေနဲ့ ပေါင်းစပ်ပြီး တည်ဆောက်ပုံ ထိန်းသိမ်းရေးနဲ့ ဓာတုဗေဒဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၅၀ ခန့်မှာ ထပ်မံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
