၂၉.၈.၂၀၂၅.
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ၊ အထက်လွှတ်တော်တွင်လွှတ်တော်ကိုယ်စားလှယ်အမတ်တစ်ဦးက ၎င်းအတွက် စကားပြောခွင့်မရခဲ့ရာမှ စိတ်ဆိုးဒေါသထွက်ကာ လွှတ်တော်အစည်းအဝေးအတွင်း ရန်ဖြစ်တိုက်ခိုက်ကြသည်အထိ ဖြစ်ခဲ့ကြမှုတစ်ရပ် သြဂုတ်လ ၂၇ ရက်ကဖြစ်ခဲ့ရကြောင်း သိရသည်။

လုံးထွေးသတ်ပုတ်မှုက အထက်လွှတ်တော်၏ အဆင့်မြင့်အမတ်နှစ်ဦးအကြား စတင်ဖြစ်ပွားခဲ့ကာ လွှတ်တော်အစည်းအဝေးရပ်ဆိုင်းသည်အထိဖြစ်ခဲ့ရသည်။ မက္ကဆီကိုနိုင်ငံအတွင်း အမေရိကန်စစ်တပ်၏ ဝင်ရောက်ကျူးကျော်စွက်ဖက်မှု ဖြစ်နိုင်ခြေအပေါ် အစည်းအဝေးတွင် အကြီးအကျယ်ငြင်းခုန်ခဲ့ကြခြင်းလည်းဖြစ်ကြောင်းသိရသည်။
ထိုဆွေးနွေးမှုတွင် လွှတ်တော်ဥက္ကဋ္ဌ ဂီရာဒို ဖာနန်ဒက်ဇ် နိုရိုနာ က အတိုက်အခံပါတီအနေဖြင့် အ မေရိကန်တို့၏ စွက်ဖက်မှုကို ထောက်ခံနေသည်ဟုလည်း စွပ်စွဲခဲ့သည်။
လွှတ်တော်၌ နိုင်ငံတော်သီချင်းသီဆိုနေကြချိန်မှာပင် မကျေမနပ်ဖြစ်နေသော အထက်လွှတ်တော် ၏ အမတ်တစ်ဦးဖြစ်သည့် အတိုက်အခံပါတီ PRI ၏ ဥက္ကဋ္ဌ အလီဂျန်ဒရို မိုရီနိုက မိန့်ခွန်းပြောသည့် လွှတ်တော်စင်မြင့်ငယ်ပေါ်သို့တက်ကာ အာဏာရ မိုရီနာ(Morena) ပါတီဝင် လွှတ်တော်ဥက္ကဋ္ဌ နိုရိုနာ၏လက်မောင်းကို သွားရောက်ဆွဲရမ်းရာမှ ထိုးကြိတ်မှုများဆက်လက်ဖြစ်လာခဲ့ရ ခြင်းလည်း ဖြစ်သည်။

ရန်ပွဲတွင်အနီးရှိ အခြားအမတ်များလည်း ပါဝင်လာခဲ့ကြသည်။ အပြန်အလှန် ထိုးသတ်နေကြမှုအား ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်နေမှု တစ်ရပ်တွင် တွေ့ကြရာ၌ ကုတ်အင်္ကျီဝတ်ထားသူတစ်ဦးကပါ နိုရိုနာအား ဝင်ရောက်ထိုးသတ်လာသည်ကို တွေ့ရသည်။ အင်္ကျီအစိမ်းရောင်ဝတ်ထားသူတစ်ဦးကို မိုရီနို က မြေပြင်သို့ တွန်းလှဲနေသည်ကိုလည်း တွေ့ကြရသည်။
အတိုက်အခံများကိုအစည်းအဝေးတွင် ပါဝင်ပြောဆိုခြင်းမှ တားဆီးရေးအတွက် အာဏာရပါတီက အစည်းအဝေးအစီအစဉ်ကို ပြောင်းလဲရန် ကြိုးစားခဲ့ခြင်းကြောင့် ၎င်းအနေနှင့် လွှတ်တော်ဥက္ကဋ္ဌ နိုရိုနာကို ထိပ်တိုက်တွေ့ဆုံတောင်းဆိုခဲ့ရခြင်းဟု မိုရီနို က လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။ ၎င်းက “ဒီ သူရဲဘောကြောင်တဲ့လုပ်ရပ်က နောက်ဆက်တွဲဆိုးဝါးတဲ့ဖြစ်ရပ်တွေဖြစ်စေတာပဲ။ ပထမဆုံး ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုက နိုရိုနာက လုပ်ခဲ့တာပဲ” ဟုလည်း ပြောကြားသွားခဲ့သည်။

နိုရိုနာ ကမူ ဤဖြစ်ရပ်အတွက် အတိုက်အခံလွှတ်တော်အမတ်များကိုသာ အပြစ်တင်ရန်ရှိကြောင်း အ ခိုင်အမာပြောခဲ့သည်။ ၎င်းက “သူတို့က အုပ်စုဖွဲ့ပြီး ကျွန်တော့်ကိုအနိုင်ကျင့်ကြတယ်။ဒါကိုပဲ သူတို့က လွတ်လပ်စွာ ပြောဆိုခွင့်အတွက်ဆောင်ရွက်တာလို့ ဆိုကြပြန်တယ်“ ဟု ပြောကြားသွားခဲ့သည်။
အစည်းအဝေး ၌ အမေရိကန်စစ်တပ်၏ ဝင်ရောက်ကျူးကျော်စွက်ဖက်မှု ဖြစ်နိုင်ခြေကိုအချေအတင် ဆွေးနွေးခဲ့ကြကြောင်း နိုရိုနာက ပြောခဲ့သည်။ မိုရီနိုက ၎င်းအား သတ်ပစ်ရန်ပင် ခြိမ်းခြောက်လာခဲ့၍ ၎င်းအနေနှင့် အမှုဖွင့်တိုင်ကြားသွားရန် ရည်ရွယ်ကြောင်းလည်းပြောခဲ့သည်။
Ref . , CNN
