၂၈.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မင်နယ်ဆိုတာပြည်နယ်၊ မင်နယ်ပိုလီးစ်မြို့တွင် သေနတ်သမားတစ်ဦးက စာသင်ကျောင်းတစ်ကျောင်းနှင့်ဆက်စပ်နေသော ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို သြဂုတ်လ ၂၇ ရက်နံနက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် ဘုရားရှိခိုးကျောင်း၌ ဆုတောင်းမှုပြုနေကြသော အသက်ရှစ်နှစ်နှင့် ဆယ်နှစ်အရွယ်ရှိ ကျောင်းသားငယ်နှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
သေနတ်သမားက ဘုရားရှိခိုးကျောင်း၏ ပြတင်းပေါက်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အခြားသော ကလေးငယ် ၁၄ ဦးနှင့် ခရစ်ယာန်အသင်းတော်နယ်ပယ်အတွင်းနေထိုင်ကြသူ သုံးဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ပစ်ခတ်ခံရသူများမှာ ဘုရားရှိခိုးကျောင်းအတွင်း ခုံတန်းရှည်များ၌ ထိုင်နေစဉ် သေနတ်သမားက ပစ်ခတ်ခဲ့ခြင်းဟုလည်းဆိုသည်။
ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို (FBI) က သေနတ်သမားမှာလည်း ၎င်းကိုယ်၎င်း ထိခိုက်ဒဏ်ရာရအောင် ပစ်ခတ်ကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်း၏အမည်က ရော်ဘင်ဝက်စ်မန်း(Robin Westman) ဖြစ်ကာ အသက် ၂၃ နှစ် သာ ရှိသေးကြောင်းလည်း ပြောခဲ့သည်။ သေနတ်သမားက ထိုကျောင်းမှပင် ၂၀၁၇ ခုနှစ်က အောင်မြင်ခဲ့သူဖြစ်ကာ မင်နယ်ပိုလီးစ်မြို့ ဆင်ခြေဖုံးအရပ်တွင် နေထိုင်သူဖြစ်ကြောင်း လည်း သိရသည်။
သေနတ်သမားက တရားဝင် ဝယ်ဟူထားခဲ့သော ရိုင်ဖယ်သေနတ်တစ်လက်၊ ပြောင်းချောသေနတ်တစ်လက်နှင့် ပစ္စတိုသေနတ်တစ်လက်တို့ကို ကိုင်ဆောင်လာကြောင်းလည်း သိရသည်။။ သို့သော် ၎င်းမှာ ယခင်က ရာဇဝင်ပြစ်မှုကျူးလွန်သည့်မှတ်တမ်းတစ်စုံတစ်ရာမရှိကြောင်းနှင့် ယခုကဲ့သို့ အကြမ်းဖက်ပစ်ခတ်မှု၏ ရည်ရွယ်ချက်ကို စုံစမ်းဆဲဖြစ်ကြောင်း ရဲအဖွဲ့က ပြောခဲ့သည်။
သို့သော် မင်နယ်ပိုလီးစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန် အိုဟာရာက ပစ်ခတ်မှုက မုန်းတီးမှုကြောင့် ကျူးလွန်သော ရာဇဝတ်မှုတစ်ခုဖြစ်လျှင်မူ ကျူးလွန်ရခြင်း၏ ရည်ရွယ်ချက်ကို ဆက်လက်စုံစမ်းရန်လိုမည်မဟုတ်ဟု သတင်းစာရှင်းပွဲ၌ ပြောခဲ့သည်။ ၎င်းကပစ်ခတ်မှုတွင် ရော်ဘင်ဝက်စ်မန်းက တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဟုလည်း ပြောကြားသွားခဲ့သည်။
ဤပစ်ခတ်မှု မဖြစ်ပွားမီကလည်း မင်နယ်ဆိုတာပြည်နယ်အတွင်း လူသုံးဦးမှာ သီးခြားပစ်ခတ်မှုသုံးခု၌ ၁၃ နာရီအတွင်း သေဆုံးခဲ့ရသေးသည်။ ဇွန်လဆန်းကလည်း မင်နယ်ပိုလီးစ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် ဒီမိုကရက်တို့၏ အောက်လွှတ် တော်ဥက္ကဋ္ဌ အီမီရီတာ မယ်လီဆာ ဟော့သ်မန်းနှင့် ခင်ပွန်းဖြစ်သူ မတ်ခ်တို့မှာ နေအိမ်၌ရှိနေစဉ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသေးသည်။
မင်နယ်ဆိုတာပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝတ်လ်ဇ်ကလည်း ဤကဲ့သို့ ပစ်ခတ်မှုများက ပြည်နယ်အတွင်း ဖြစ်လေ့ဖြစ်ထရှိမှုတစ်ရပ်သဖွယ်ဖြစ်နေရကြောင်းနှင့် ထပ်မံမဖြစ်ပွားရအောင် ကြိုးစားတားဆီးသွားမည်ဟု ပြောခဲ့သည်။
Ref- CNN




