၂၇. ၈. ၂၀၂၅
Written by Phyo Wei
ပြီးခဲ့တဲ့ ဇူလိုင်လထဲ TNLA၊ MDY PDF နဲ့ ကယားလက်နက်ကိုင်တွေ သိမ်းယူထားတဲ့ နောင်ချို၊ သပိတ်ကျင်းနဲ့ မိုးဗြဲတို့ကို တပ်မတော်ကပြန်လည် သိမ်းယူခဲ့သလို ဩဂုတ် ၁၉ ရက်မှာလည်း PDF နဲ့ ကယားလက်နက်ကိုင်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်နိုင်တာ တွေ့ခဲ့ရပြီး တရုတ်နိုင်ငံ၊ တီယန်ကျင့်မြို့မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့်အပြင် တရုတ်သမ္မတက သဘာပတိအဖြစ် တက်ရောက်ဆောင်ရွက်မယ့် ၂၅ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအသင်း ထိပ်သီးအစည်းအဝေးကို ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တက်ရောက်မယ်ဆိုတဲ့သတင်းတွေလည်း တွေ့ရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအတွက် စတင်ခြေလှမ်းတဲ့ ရက်သတ္တပတ်ဖြစ်လို့လည်း လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို စက်တင်ဘာ ၈ ရက်မှာ စတင် တင်သွင်းနိုင်တယ်လို့ UEC ကြေညာလာတာ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကိုက်ညီရင် ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိတယ်လို့ ကြေညာလာတာ၊ လွှတ်တော်ခေါ်ယူမှုကို ရွေးကောက်ပွဲ အပိုင်း (၁)နဲ့ အပိုင်းလိုက်ကျင်းပမယ့် ရလဒ်တွေ ထုတ်ပြန်ပြီးမှ ဆောင်ရွက်မယ်ဆိုတာ၊ ရွေးကောက်ပွဲ အပိုင်းလိုက်အားလုံး ကျင်းပပြီးမှ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြေညာပေးမယ်ဆိုတာ၊ ၂၀၂၅ ရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်အမည်စာရင်း ပေးသွင်းမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအရေအတွက်ဟာ အရင် လွှတ်တော်သက်တမ်း နှစ်ဆက်တုန်းကလို ပြည်သူ့လွှတ်တော်အတွက် ၁၁၀ နဲ့ အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး တင်သွင်းမယ်လို့ UEC ဖြေကြားလာတာ စတဲ့ဖြစ်စဉ်တွေအပြင် ရွေးကောက်ပွဲ မဲရမှာမဟုတ်ကြောင်း ရင့်သီးရိုင်းစိုင်းစွာ ပို့စ်တင်ခဲ့သူ အမျိုးသားတစ်ယောက်ကို ဇူလိုင် ၂၉ ရက်က ပြဌာန်းခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ပထမဆုံး အမှုဖွင့်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း AA ကို ဆက်ကြေးပေးပြီး မလေးရှားကို မူးယစ်ဆေး မှောင်ခိုဖြန့်နေတဲ့ မူးယစ်ဂိုဏ်းကို ကျပ် ဘီလျံ ၂၆၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ စံချိန်တင် ဖမ်းမိလာတာ၊ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင် သွားရောက်ခဲ့တဲ့ ကျောက်ခုတ်ရွာဗုံးကြဲခံရတာ၊ ၁၉ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်အစည်းအဝေး တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဟာ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား ရေတပ်ဦးစီးချုပ်တွေနဲ့ လာအို စစ်ဦးစီးဌာန ဒုတိယကြီးအကဲတွေကို သီးခြားတွေ့ဆုံပြီး ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေ ဆွေးနွေးခဲ့တာ စတာတွေအပြင် AA လက်နက်ကိုင်တွေ တပ်စွဲထားတဲ့ မြောက်ဦးက ဒိုင်းကျီရပ်ကွက်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်ရာမှ AA လက်နက်ကိုင်အမျိုးသား အရွယ်ကောင်း ၁၂ ယောက် သေဆုံးသွားတာကို အရပ်သားတွေပါလို့ လိမ်လည်ထုတ်ပြန်တဲ့ဖြစ်စဉ်တွေ မြင်တွေ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ စစ်ရှုံးနေတဲ့ TNLA ကို စစ်ရေးထောက်ကူပေးရမယ်လို့ PDF တွေကို NUG ညွှန်ကြားလာတာ၊ သမိုင်းဝင်ဂုတ်ထိပ်တံတားကို TNLA က မိုင်းခွဲဖျက်ဆီးလိုက်တာ၊ ရှမ်းမြောက်ကို ပျက်စီးစေခဲ့တဲ့ TNLA၊ MNDAA တို့ကို ငွေကြေးလက်နက် မထောက်ပံ့တော့ဘူးလို့ ‘၀’လက်နက်ကိုင် UWSA ထုတ်ပြောလာတာနဲ့ ရွေးကောက်ပွဲအကြမ်းမဖက်ဖို့ KNU က သတိပေးလာတဲ့ အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ စစ်ရှုံးနေတဲ့ TNLA ကို စစ်ရေးထောက်ကူပေးရမယ့် PDF
စစ်ရှုံးနေလို့ အသေအပျောက်များစွာနဲ့ သိမ်းယူထားတဲ့မြို့တွေကနေ ထွက်ပြေးနေရတဲ့ TNLA ကို PDF တွေက လက်နက်လူသူ စစ်ရေးထောက်ကူဖို့ NUG က ညွှန်ကြားတဲ့ အမိန့်စာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာ တွေ့ရှိရပြီး ဒီညွှန်ကြားချက်မှာ NUG ကာကွယ်ရေးဝန်ကြီးရည်မွန်ရဲ့ ညွှန်ကြားချက်လို့ ဩဂုတ် ၁၉ ရက် ရက်စွဲနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ လျှို့ဝှက်အမိန့်စာမှာ NUG ရဲ့ မဟာမိတ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နဲ့ မိုးကုတ်မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်က အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေကို TNLA က ပြန်လည်ခုခံကာကွယ်နေပေမဲ့ အင်အားအလွန်ကွာဟနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေအနေနဲ့ TNLA လိုအပ်နေတဲ့ တပ်ဖွဲ့ဝင်၊ ဆေးတပ်ဖွဲ့ဝင်တွေ၊ ဆေးဝါးရိက္ခာတွေကို အမြန်ဆုံးပေးပို့ဖို့၊ သတ်မှတ်ထားတဲ့တာဝန်နဲ့ လှုပ်ရှားမှုကို အချိန်မီ အပြီးသတ်စွာ ပြီးစီးအောင် ဆောင်ရွက်ဖို့၊ အမိန့်စာကို လျှို့ဝှက်စွာ ထိန်းသိမ်းဖိုနဲ့ မူမမှန်တဲ့ ပေါ်လွင်မှုဖြစ်ရင် တာဝန်ရှိသူကို တိုက်ရိုက်တာဝန်ရှိစေမယ်ဆိုတာနဲ့ အမိန့်တိုင်း ဆောင်ရွက်ခြင်းမရှိရင် (သို့မဟုတ်) ဖောက်ဖျက်ရင် တာဝန်ချိုးဖောက်ခြင်းအဖြစ် စစ်ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
တအာင်းလက်နက်ကိုင် TNLA ဟာ NUG ကို စင်ပြိုင်နေတဲ့ ဒေါက်တာတေဇာစန်းနဲ့ ဒေါက်တာစိုးသူရဇော်တို့ ထိန်းချုပ်ထားတဲ့ မန္တလေး PDF၊ ဓနုလက်နက်ကိုင် DPLA နဲ့ မဟာမိတ်ပြုပြီး သိမ်းယူထားတဲ့ စဉ့်ကူး၊ မတ္တရာစတဲ့ ဒေသတွေက သယံဇာတတွေ လက်ဝါးကြီးအုပ် ခိုးထုတ်နေတာကြောင့် NUG ရဲ့ ပသုံးလုံးတွေနဲ့ ပွတ်တိုက်မှုဖြစ်ပွားနေတာပါ။ ဒါ့အပြင် တပ်မတော် ထိုးစစ်ကြောင့် နောင်ချိုနဲ့ သပိတ်ကျင်းကို TNLA တို့ အသေအပျောက်များစွာနဲ့ လက်လွှတ်ခဲ့ရတဲ့အပြင် DPLA , TNLA နဲ့ MDY PDF ရာချီက တပ်မတော်ထံ အလင်းဝင်ကုန်လို့ NUG က PDF တွေ TNLA ကို စစ်ကူဖို့ ညွှန်ကြားလာတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ TNLA ဟာ အသိဉာဏ်အနည်းဆုံးနဲ့ အောက်တန်းအကျဆုံးလက်နက်ကိုင်လို့ ပြောရမှာဖြစ်ပြီး ဒီလက်နက်ကိုင်တွေ ရှမ်းမြောက်ကို သိမ်းချိန်မှာ PDF တွေက စစ်ကူတိုက်ခဲ့ကြသလို တခြား EAOs တွေကလည်း စစ်ရေးပံ့ပိုးကူညီခဲ့တာပါ။ ဒါပေမဲ့ TNLA ဟာ မြို့ ၁၂ မြို့ သိမ်းပြီးတဲ့နောက်မှာ PDF တွေကို သူ့နယ်မြေထဲ အဝင်မခံ၊ လက်နက်ကိုင်ခွင့်မပြုတာ၊ MNDAA၊ KIA နဲ့ တခြားလက်နက်ကိုင်တွေကို သူ့ပိုင်နက်ဝင်ရင် ရန်ရှာထိုးကြိတ်တာမျိုးအထိပါ လုပ်ခဲ့လို့ ရှမ်းမြောက်မှာ TNLA ဟာ သင်းကွဲဖြစ်လာပြီး ဘယ်သူကမှ မဆက်ဆံချင်ဘဲ ကျရှုံးအမြစ်ပြုတ်သွားတာ ထိုင်ကြည့်ခံနေရတဲ့ အဖွဲ့ပါ။ ဒီလိုမျိုး စစ်ဘုရင်ဝါဒကို ကျင့်သုံးအကောင်အထည်ဖော်နေတဲ့ TNLA ရဲ့ ဆိုးသွမ်းယုတ်မာမှုကို NUG ရော PDF တွေရော၊ EAOs တွေရော တစ်ကမ္ဘာလုံးကပါ မြင်နေချိန်မှာ PDF တွေဟာ ဒီလို နယ်မြေအုပ်စိုးမှုကလွဲရင် ဘာမှမသိတတ်တဲ့ အကြမ်းဖက် လက်နက်ကိုင်တွေအတွက် NUG ခိုင်းစေချက်အရ အသက်တွေ စတေးခံရဦးမှာ မတန်လှသလို အသုံးချပြီးရင် လွှင့်ပစ်ခံရဦးမှာမို့လို့ PDF တွေ၊ ပသုံးလုံးတွေကို မနှစ်သက်သူတွေက ကွန်ဒုံးလို့ လှောင်ပြောင်ခနဲ့ ပြောင်းသုံးလာတာမျိုး ပိုမိုတွင်ကျယ်လာဦးမယ့် သဘောပါပဲ။
◾ သမိုင်းဝင်ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးသွားတဲ့ TNLA
နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ်ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားကို စစ်ရှုံးနေတဲ့ TNLA က ဩဂုတ် ၂၄ ရက်မှာ မိုက်ကန်းယုတ်ညံ့စွာချိုးချလိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားအပြီးမှာ ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ခဲ့သလို သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ပြင်းထန်တဲ့ လက်တုံ့ပြန်မှုလုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာတော့ နောင်ချိုနဲ့ ကျောက်မဲကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားပေါ့။ ဂုတ်ထိပ်တံတားရဲ့ မြောက်ဘက်ခြမ်းပေါ့။ မြောက်ဘက်ခြမ်းမှာတော့ TNLA အကြမ်းဖက်သောင်းကျန်းသူတွေက မိုင်းခွဲဖျက်ဆီးခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ အဲဒီဘက်ခြမ်းမှာရှိတဲ့ တံတားပေါ့။ သံမဏိတံတားပေါ့။ တံတားဘောင်နဲ့ အုတ်နံရံနဲ့ ဆက်တဲ့နေရာပေါ့။ လက်တွေ့ပုံတွေအရတော့ ပျက်စီးသွားတာ တွေ့ရတယ်။ အုတ်တံတားဘောင်လည်း ပျက်စီးသွားတာ တွေ့ရတယ်။ ဂုတ်ထိပ်တံတားဆိုတာက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့တံတားဖြစ်တယ်။ ပြီးတော့ သမိုင်းဝင်တံတားတစ်စင်းဖြစ်ပါတယ်။ ဂုတ်ထိပ်တံတားနဲ့ပတ်သက်ပြီးတော့ ယခင်အင်္ဂလိပ်လက်ထက်ကတည်းက သုံးစွဲလာတဲ့တံတားလည်း ဖြစ်တယ်။ တစ်နိုင်ငံလုံးက ဂုဏ်ယူရတဲ့တံတားလည်းဖြစ်တယ်။ အများပြည်သူသုံးစွဲနေတဲ့ တံတားလည်းဖြစ်ပါတယ်။ ဒါကို ဆောင်ရွက်ခြင်းအားဖြင့် TNLA နဲ့ PDF အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ ရက်စက်မှု၊ ယုတ်မာမှုပေါ့။ ပြည်သူလူထုတစ်ခုလုံးအပေါ်မှာ ယုတ်မာမှုကို လက်တွေ့ပြသလိုက်တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့အနေနဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဆက်လက် ဆောင်ရွက်သွားပါမယ်။ ပြင်တဲ့အပိုင်းကတော့ ကျွန်တော်တို့သုံးသပ်ချက်အရတော့ တော်တော်နဲ့တော့ လုပ်နိုင်မယ်မထင်သေးဘူး။ အဲဒီဘက်အခြမ်းကတော့ ဒါ TNLA အနေနဲ့ရော PDF အနေနဲ့ရော အမြဲတမ်း ဝင်ထွက်သွားလာ ဆောင်ရွက်နေတဲ့နေရာဖြစ်တယ်။ အခု ဒီတံတားကြီးကို လုပ်ဖို့ဆိုတာကလည်း သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီဘက်မှာ ဒီလောက်ပျက်စီးအောင်လုပ်နိုင်ဖို့ဆိုတာ ရည်ရွယ်ချက်ရှိရှိနဲ့ ယမ်း ဖောက်ခွဲရေးပစ္စည်းတော်တော်များများနဲ့ လုပ်ရတာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကို ဆက်သွယ်ထားတဲ့ မန္တလေး – လားရှိုးရထားလမ်းပေါ် တည်ရှိပြီး ၁၈၉၉ ခုနှစ်က တည်ဆောက်၊ ၁၉၀၀ ပြည့်နှစ်မှာ ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ ဂုတ်ထိပ်တံတားဟာ တံတား အရှည် (၂၂၆၀) ပေ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁၀၀ မှာရှိပြီး သက်တမ်းအနေနဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိတဲ့ မီးရထားလမ်း တံတားတစ်ခုဖြစ်သလို မြန်မာပြည်ရဲ့ အမြင့်ဆုံး၊ ကမ္ဘာပေါ် ဒုတိယအမြင့်ဆုံးနဲ့ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားလို့ မှတ်ကျောက်တင်ခံရသလို တံတားကို တည်ဆောက်တဲ့ နည်းပညာအဆင့်မြင့်မှုနဲ့ သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တဲ့ တံတားတစ်စင်းဖြစ်လို့ ပြည်တွင်း/ ပြည်ပ ခရီးသွားတွေ အများအပြားလာရောက် ကြည့်ရှုလေ့လာတဲ့ ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် တံတားပါ။ ဒီလိုတံတားကို စစ်ရှုံးလို့ နောင်ချိုက ထွက်ပြေးပြီး ကျောက်မဲဘက်ခံစစ်ပြင်နေတဲ့ TNLA က ကျောက်မဲဘက်ခြမ်းမှာ မိုင်းခွဲဖျက်ဆီးလိုက်ပြီး တပ်မတော်ထိုးစစ်မလာနိုင်အောင် အမြင့်ကနေ နေရာယူခဲ့ပေမဲ့ ပြည်သူတစ်ရပ်လုံးက ဂုတ်ထိပ်တံတားချိုးတာကို ဝိုင်းဆဲလာချိန်၊ နိုင်ငံတကာက သံအမတ်တွေ မေးမြန်းလာချိန်မှာတော့ တပ်မတော်က ဒရုန်းနဲ့ချိုးချတာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဗြောင်လိမ်ခဲ့ပါတယ်။
ဂုတ်ထိပ်တံတားကျိုးကျသွားတဲ့ပုံစံဟာ TNLA တပ်စွဲထားတဲ့ ကျောက်မဲဘက်ခြမ်း ချည်းကပ်တံတားအနီးမှာ သုံးပေဗြတ်ရှိတဲ့ တံတားအောက်ခြေလက်ရန်းကအစ ထက်ပိုင်းပြတ်သွားတာပါ။ ဒီလို ထက်ပိုင်းပြတ်သွားတဲ့ပုံစံဟာ ဒရုန်းဗုံးသီးလောက်နဲ့ မဖြစ်နိုင်ဘူးဆိုတာ သာမန်လူတွေတောင် သိပြီး TNLA ခြေကုပ်ယူထားတဲ့ ဘက်ခြမ်းမှာ ယမ်းအားအများအပြားကို နေရာအနှံ့ကပ်ခွဲမှ ဒီလိုမျိုးကျိုးမယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိလာတာမို့ TNLA ကို ပြင်းပြင်း ထန်ထန်တုံ့ပြန်မယ်ဆိုတာကို လူထုက စောင့်ကြည့်ခဲ့ပါတယ်။ မြန်မာပြည်က လက်နက်ကိုင်တွေဟာ လမ်းတံတား၊ လျှပ်စစ်နဲ့ အင်တာနက်၊ ဖုန်း၊ တာဝါတိုင်ချိုးတာကို ထမင်းစားရေသောက် လုပ်ရဲပေမဲ့ ဝန်ခံရဲတာတော့မရှိဘဲ အစ္စလာမ္မစ်အစွန်းရောက်တွေထက်တောင် သတ္တိနည်း၊ အသိဉာဏ်နည်းလို့ လူထုမြင်ချင်တဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုဟာ ပြည်သူတွေမထိခိုက်ဘဲ သူပုန်စခန်း ဌာနချုပ်တွေအထိ ဗုံးကြဲတိုက်ခိုက်တာမျိုးပါ။ TNLA လို NCA လက်မခံတဲ့အဖွဲ့ဆို ပိုပြီးတော့တောင် ကြဲစေချင်ကြသေးတာပါ။ ဒါ့အပြင် ပြည်တွင်းစစ်ချုပ်ငြိမ်းမှုထဲက တစ်ချက်လုပ်ပုံအဖြစ် သီရိလင်္ကာထုံး နှလုံးမူလို့ အသိဉာဏ်အနည်းဆုံး အကြမ်းဖက် လက်နက်ကိုင်တချို့အမြစ်ဖြုတ်ပြီးမှ၊ အကြမ်းဖက်ထက် လက်နက်လူသူ အင်အားသာလွန်ကြောင်းပြပြီးမှ ငြိမ်းချမ်းရေးစားပွဲဝိုင်းခေါ်လို့ရမယ်လို့ ယူဆကြသူတွေရှိလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာက ဌာနချုပ်ဗုံးကြဲတာလိုမျိုးလုပ်မယ်လို့ ထင်ကြပေမဲ့ ဒီနေ့အထိတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီဆိုတာမျိုး မမြင်ရသေးပါဘူး။

◾ ရှမ်းမြောက်ကို ပျက်စီးစေခဲ့တဲ့ MNDAA၊ TNLA တို့ကို ငွေကြေးလက်နက် မထောက်ပံ့တော့ဘူးလို့ အခုမှပြောတဲ့ ‘၀’
တပ်မတော်ရဲ့ စစ်တိုင်းဌာနချုပ်တွေ ကျဆုံးရတဲ့အထိ ဆိုးရွားပြင်းထန်စွာ ကျဆုံးရမှုအစဟာ “MNDAA၊ TNLA နဲ့ AA” တို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး (၁၊ ၂) ကြောင့်ပါ။ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ ကျားဖြန့်နှိမ်နင်းဖို့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်းမြောက်က မြို့အများစုကို ရုတ်ချည်းစစ်ဆင်တာမှာ အငိုက်ထိပြိုဆင်းသွားရာက နေရာအနှံ့က ထကြွလာတဲ့ PDF တွေ LDF တွေ၊ KNU၊ KIA၊ ချင်းနဲ့ ကယားတို့ ထိုးစစ်တွေမှာ မြန်မာ့မြို့ ၁၀၀ လောက် သူပုန်ထိန်းချုပ်သွားပြီး မြို့တွေရွာတွေပျက်၊ ပြည်သူတွေလည်း သေကြေဘဝပျက်သွားခဲ့တာပါ။ ဒီလိုမျိုး ‘၁၀၂၇ စစ်ဆင်ရေး’ဟာ ဒေါ်လာ သန်းရာချီ ထောက်ပံ့မှ လုပ်ဆောင်နိုင်မှာဖြစ်လို့ မြောက်ပိုင်းလက်နက်ကိုင်တွေအပါအဝင် EAOs တွေဟာ မူရင်းဝင်ငွေဖြစ်တဲ့ မူးယစ်ဆေးဝင်ငွေနဲ့တင် လုပ်ဆောင်နိုင်ဖွယ်မရှိလို့ နောက်ကွယ်မှာ ငွေကြေးနဲ့ လက်နက်၊ လူသူ ပံ့ပိုးပေးတဲ့အဖွဲ့နဲ့ နိုင်ငံရှိရမယ်လို့ သုံးသပ်ခဲ့ကြပြီး ဒီလို ပံ့ပိုးပေးတဲ့အဖွဲ့လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ခံရတဲ့အဖွဲ့က UWSA ပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ UWSA ဟာ TNLA, MNDAA နှင့် SSPP တို့ကို ဩဂုတ်လဝက်ထဲမှာ ခေါ်တွေ့ပြီး ဒီအဖွဲ့တွေကို လက်နက်၊ ငွေကြေး ဘယ်အရာမှ ပံ့ပိုးပေးတော့မှာ မဟုတ်ဘူးလို့ ဩဂုတ် ၂၀ ရက်မှာ တရားဝင်ထုတ်ပြန်လာခဲ့တာကြောင့် ၂၀၂၅ ဩဂုတ် ၂၀ ရက် ရှေ့ပိုင်းမှာ ရှမ်းမြောက်နဲ့ မြန်မာ့မြို့အများစု ပြိုပျက်စေခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’မှာ TNLA ၊ MNDAA တို့ကို ငွေကြေးလက်နက် ပံ့ပိုးပေးခဲ့တာလားလို့ မေးခွန်းထုတ်သံညံလာပါတယ်။ နောက်ပြီး တခြားသော အချက်တွေအဖြစ် UWSA ဟာ မြောက်ပိုင်းသုံးဖွဲ့ပါဝင်တဲ့ FPNCC ရဲ့ အကြီးအကဲလည်းဖြစ်နေတာနဲ့ MNDAA၊ TNLA တို့ကို ခေါ်ပြောပေမဲ့၊ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အဖွဲ့ဝင်ဖြစ်တဲ့ AA ကို ခေါ် မပြောခဲ့တာ၊ AA ဟာ ပလက်ဝအပြင် ရခိုင်မြို့ ၁၄ မြို့ကို သိမ်းထားပြီး တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူနဲ့ အိန္ဒိယစီမံကိန်းရှိရာ စစ်တွေကို ထိုးစစ်ဆင်နေတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ကိုပါ ထိစပ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမှာ ဘင်္ဂလားဒေ့ရှ်တံငါသည်တွေကို ပြန်ပေးဆွဲနေတာကြောင့် နိုင်ငံကြီးတစ်ခုခုရဲ့ ကစားကွက်မှာ ရခိုင်နဲ့ AA ကျန်နေသလားလို့လည်း တွေးစရာတွေဖြစ်ကုန်ကြရပြန်ပါတယ်။ သေချာတာကတော့ ရခိုင်မြေဟာ တရုတ်၊ အိန္ဒိယ စီမံကိန်းတွေ၊ အမေရိကန်နဲ့ အနောက်အုပ်စုက လူ့အခွင့်အရေးခေါင်းစဥ်နဲ့ နိုင်ငံသစ်တစ်ခုပေါ်စေချင်တဲ့ ဆုံချက်နဲ့ ဘင်္ဂါလီတွေဟာ အစ္စလာမ်ဘာသာကိုးကွယ်တာကြောင့် OIC ရဲ့ ရေဒါကလည်းမလွတ်တာမို့ UWSA ရဲ့ လက်နက်ငွေကြေးမထောက်ပံ့တော့ဘူးလို့ ခေါ်ယူတွေ့ဆုံ အသိပေးမှုမှာ AA မပါတဲ့ အခြေအနေဟာ စေ့ငုချင်စရာ ကောင်းလှပါတယ်။
◾ ရွေးကောက်ပွဲအကြမ်းမဖက်ဖို့ သတိပေးလာတဲ့ KNU
လက်နက်မဲ့ ဝန်ထမ်းပြည်သူတွေ လိုက်လံ ချောင်းမြောင်းသတ်ဖြတ်နေတဲ့ PDF တွေကို မွေးထုတ်ခဲ့တဲ့ KNU က လာမယ်ရွေးကောက်ပွဲကို အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ပဲ ဆန့်ကျင်ဖို့ စကောကရင်၊ ပိုးကရင်၊ မြန်မာ၊ အင်္ဂလိပ်လေးဘာသာနဲ့ ထုတ်ပြန်လာတာကို ဩဂုတ် ၂၆ ရက်မှာ တွေ့မြင်ရပါတယ်။
KNU (ကရင်အမျိုးသားအစည်းအရုံး) က ထုတ်ပြန်လာတဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲလက်မခံကြောင်း အထူးပြုရေးသားထားသလို “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ”လို့ တံဆိပ်ကပ်ထားပေမယ့် ရွေးကောက်ပွဲကို အကြမ်းမဖက်တဲ့နည်းလမ်းနဲ့သာ ဆန့်ကျင်ဖို့ကို “ကရင်အမျိုးပြည်သူလူထုများ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေး အင်အားစုများ အပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားရန် တိုက်တွန်းအပ်ပါသည်။”လို့ အထူးပြုဖော်ပြခဲ့တာ တွေ့ရပါတယ်။
၂ဝ၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် အကြမ်းဖက်နှိမ်နင်းမှုမရှိခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လေးခွ၊ ခဲ၊ ယမ်း/လုပ်သေနတ်တွေနဲ့ ပစ်ခတ်၊ အကြမ်းဖက်မှုအသွင်ဖြစ်လာချိန် မျက်နှာချင်းဆိုင် ပစ်ခတ်မှုကို မတရားမှုလို့ပြောပြီး လက်နက်ကိုင်ခဲ့ကြတဲ့ PDF တွေကို စစ်သင်တန်းပေး မွေးထုတ်ခဲ့တဲ့ KNU က ဒီလိုမျိုး ရွေးကောက်ပွဲကို အကြမ်းမဖက်ဖို့ သတိပေးတာဟာ ကိုယ့်အလှည့်တုန်းက မျက်နှာချင်းဆိုင်ပစ်တာ မတရားမှုလို့ပြောပြီး PDF တွေအဖြစ် လက်နက်ကိုင်ချိန်ကြတော့ လက်နက်မဲ့ဝန်ထမ်းပြည်သူတွေကို ချောင်းမြောင်းသတ်ဖြတ်လို့ နာမည်ပျက်လာနေတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အသွင်အဖြစ် မှတ်ယူကြသလို KNU လက်အောက်က PDF စစ်ကြောင်းတွေကိုလည်း ရွေးကောက်ပွဲလုပ်ဆောင်ရမယ့် လက်နက်မဲ့ ဝန်ထမ်းပြည်သူတွေမသတ်ဖို့ သတိပေးတဲ့အသွင်ပါ။ ဒါမှမဟုတ်ရင်လည်း ရွေးကောက်ပွဲမှာ တာဝန်ကျမယ့် ဆရာ၊ ဆရာမတွေ၊ အမတ်လောင်းတွေ၊ မဲရုံမှူးတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ မဲပေးသူ ပြည်သူတွေကို PDF တွေ ကရင်လက်နက်ကိုင်တွေ သတ်လို့ နာမည်ပျက်ရင်လည်း ကျွန်တော်တို့က ထုတ်ပြန်ထားပြီး တစ်ယောက်တစ်ဖွဲ့က မလိုက်နာလို့ အရေးယူပါတယ်ဆိုတာမျိုး ထမင်းရည်ပူလာ လျှာလွှဲဖို့ ကြိုကြံထားတာလည်း ဖြစ်နိုင်ပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့ဒီအချိန်အထိ ကျောင်းသားကျောင်းသူတွေ အပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD,CRPH, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပေမဲ့ ဒီစာရင်းဟာ NLD,CRPH, NUG, PDF, EAOs တို့ကို ထောက်ခံသူတွေ၊ Exile မီဒီယာတွေကြားမှာ စာရင်းမပေါက်ဘဲ တပ်မတော်ကြောင့် သေဆုံးတယ်လို့ စွပ်စွဲထားတဲ့ လူ ၇၀၀၀ ကျော် စာရင်းကိုပဲ တစ်ချိန်လုံးပြောနေတာပါ။ လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲကိုလည်း ၂၀၁၀ ရွေးကောက်ပွဲကို NLD မပါလို့ No Vote နဲ့ ကန့်ကွက်ပြီး NLD ဝင်ပြိုင်တဲ့ ၂၀၁၂ ၊ ၂၀၁၅ နဲ့ ပယ်ဖျက်ခံရတဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲမပေးဘူး၊ No Vote ပြောမိရင်တောင် နိုင်ငံသားမဟုတ်သလို ရှုတ်ချဆဲဆိုခဲ့ကြတဲ့ NLD,CRPH, NUG, PDF, EAOs တို့က ဖျက်ဆီးမယ်ဆိုတာမျိုးနဲ့ ကန့်ကွက်ထားကြသေးတာပါ။ ဒါကြောင့် KNU လိုမျိုး လက်နက်ကိုင် အဖွဲ့စုံရဲ့ ကန့်ကွက်မှုအောက်မှာ မဲရုံမှူး၊ ဆရာ၊ ဆရာမ၊ မဲပေးပြည်သူ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ စသူတွေဟာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD,CRPH, NUG, PDF, EAOs တို့က သတ်ဖြတ်ကြဦးမယ်ဆိုတာလည်း အသေအချာဖြစ်ပြီး ဒီအခြေအနေတွေကို အထိအခိုက် အနည်းဆုံးဖြစ်အောင် တာဝန်ယူဆောင်ရွက်ပေးရမှာကတော့ တပ်မတော်နဲ့အစိုးရသာဖြစ်လို့ ၂၀၂၅ ရွေးကောက်ပွဲနီးလာလေလေ လူထုက လုံခြုံရေးမပူဘဲ မဲပေးမယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာလေလေဖြစ်အောင် အကြမ်းဖက်သူတွေကို၊ ရွေးကောက်ပွဲဖျက်မယ့်သူတွေကို ပိုမိုတင်းတင်းကျပ်ကျပ်နှိမ်နင်းနိုင်ဖို့ ဆထက်တမ်းပိုး ကြိုးစားပေးပါ တောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
