သတိုး
၂၈. ၈. ၂၀၂၅
မြန်မာနိုင်ငံ နေပြည်တော်မှာ ရုံးခွဲလာဖွင့်သွားတဲ့အထိ မြန်မာ့နိုင်ငံရေးအပေါ် အနောက်တိုင်းအုပ်စုရဲ့ နိုင်ငံရေးအကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့အတွက် အသုံးချသွားသလို ယူကရိန်း၊ ဟန်ဂေရီစတဲ့ နိုင်ငံများစွာကိုလည်း ဒုက္ခပေးခဲ့တဲ့ Open Society Foundation တည်ထောင် ငွေကြေးထောက်ပံ့သူ ဘီလျံနာ ဂျော့ချ်ဆိုးရော့စ်တို့သားအဖကို ဖက်ဒရယ်တရားရုံးက RICO (Racketeer Influenced and Corrupt Organizations Act) စွဲချက်တွေနဲ့ တရားစွဲဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မနေ့က ဗုဒ္ဓဟူးနေ့မှာ တွန်းအားပေးခဲ့ပါတယ်။
ဒါဟာ ထရမ့်ပ်ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကို ဖက်ဒရယ်အာဏာအသုံးပြုပြီး ခြိမ်းခြောက်ဖို့ နောက်ဆုံးကြိုးစားမှုပဲ ဖြစ်တယ်လို့ ဝေဖန်ကြပြီး RICO Act ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုဥပဒေတစ်ခုဖြစ်သလို “ရာဇဝတ်မှုလုပ်ငန်း” (Criminal Enterprise) ကျူးလွန်တဲ့ အဖွဲ့အစည်းဖွဲ့ပြီး တူညီတဲ့ ရည်ရွယ်ချက်နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ Racketeering Activity လို့ ခေါ်ဆိုတဲ့ ပြစ်မှုတစ်ခုမက ကျူးလွန်တာ၊ အဖွဲ့ဝင်အချင်းချင်းပူးပေါင်းကျူးလွန်တာ စတာတွေ သက်သေပြနိုင်ရင် အဖွဲ့အစည်းတစ်ခုလုံး ဖျက်သိမ်းအရေးယူတဲ့အထိ ပြင်းထန်တာဖြစ်လို့ ထရမ့်ပ်ရဲ့ ရည်ရွယ်ချက်ဟာ ဆိုးရော့စ်တို့ သားအဖကို ထောင်ထဲထည့်ပြီး Open Society Foundation ကို ဖျက်သိမ်းပစ်ဖို့အထိ လုပ်ဆောင်ချက်လို့ ရှုမြင်ခံရတာပါ။
”ဂျော့ခ်ျဆိုရော့စ်နဲ့ သူ့ရဲ့အံ့သြစရာကောင်းလောက်အောင် လက်ဝဲစွန်းရောက်သားဟာ အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးမှာ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ အခြားအရာများစွာကို ထောက်ခံတဲ့အတွက် RICO စွဲချက်များနဲ့ တရားစွဲဆိုခံရသင့်တယ်” လို့ ထရမ်ပ်က Truth Social မှာ ရေးခဲ့ပါတယ်။
ဆိုရော့စ်ဟာ ဒီမိုကရက်တွေနဲ့ လစ်ဘရယ်ရေးရာကိစ္စရပ်တွေအတွက် ငွေကြေးပံ့ပိုးမှု သမိုင်းကြောင်းရှည်လျားတာကြောင့် ထရမ့်ပ်လိုလားသူ MAGA (Make America Great Again) ရီပတ်ဘလစ်ကန်တွေရဲ့ အကြီးအကျယ်တိုက်ခိုက်မှုခံခဲ့ရပါတယ်။
ထရမ့်ပ်ဟာ “မာဖီးယားပြည်နယ်တစ်ခုကို ထူထောင်ချင်တယ်” လို့ သူ့ရဲ့ သမ္မတ ပထမသက်တမ်းအတွင်းက ပြောခဲ့ဖူးပါတယ်။
ထရမ့်ပ်ဟာ ၂၀၁၆ ခုနှစ်က သူ့ပြိုင်ဘက် ဟီလာရီကလင်တန်ကို တရားစွဲဆိုဖို့ ပြောခဲ့ဖူးတာကစပြီး သူ့ရဲ့နိုင်ငံရေးရန်သူတွေကို တရားစွဲဆိုဖို့ အမြဲတမ်းတောင်းဆိုလေ့ရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဒုတိယသက်တမ်းတစ်လျှောက်လုံးမှာ ထင်ရှားတဲ့ ဝေဖန်သူတွေဖြစ်တဲ့ လွှတ်တော်အမတ် အာဒမ်ရှစ်ဖ် (ဒီမိုကရက်-ကယ်လီဖိုးနီးယား) နဲ့ ဂျွန်ဘော်လ်တန်တို့ဟာ ဖက်ဒရယ်အစိုးရရဲ့ စုံစမ်းမှုခံခဲ့ရပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီလက အိမ်ဖြူတော်က မထွက်ခွာခင်လေးမှာ သက်ကြီးရွယ်အို ဆိုရော့စ်ကို နိုင်ငံရဲ့ အရပ်သားဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Presidential Medal of Freedom ကို ပေးအပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီဆုဟာ ဥပဒေအထက်က နေခွင့်မရှိဘဲ ပြစ်မှုကျူးလွန်ရင်တော့ တရားစွဲဆိုခံရ၊ ပြစ်ဒဏ်ချခံရမှာဖြစ်ပါတယ်။
သမ္မတရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နာတာလီ ဘာလ်ဒါစာရေက “လက်ရှိဖြစ်ပွားနေသော ရာဇဝတ်မှုဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများဆိုင်ရာ အချက်အလက်များ ထုတ်ဖော်ခြင်း” နဲ့ပတ်သက်တဲ့ တရားရေးဌာနရဲ့ လက်စွဲစာအုပ်ပါ အခန်းတစ်ခုကိုသာ ထောက်ပြခဲ့ပြီး “ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှပြောလို့မရပါဘူး”ဆိုတာကိုသာ သွယ်ဝိုက်ဖြေဆိုခဲ့ပါတယ်။
ဆိုရော့စ်မိသားစုရဲ့ ဘီလျံချီရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundations က X ပေါ်က ထုတ်ပြန်ချက်တစ်ခုမှာ ထရမ်ပ်ရဲ့ ခြိမ်းခြောက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
”ကျွန်ုပ်တို့ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌကို ခြိမ်းခြောက်မှုတွေဟာ အလွန်အမင်း ရိုင်းစိုင်းတယ်” လို့ OSF က ရေးခဲ့သလို “ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ဒီမိုကရက်တစ်မူများကို တိုးတက်စေဖို့ ဖြစ်ပါတယ်”လို့လည်း ရေးသားထားပါသေးတယ်။
ထရမ့်ပ်ကတော့ ”ဆိုရော့စ်နဲ့ သူ့ရဲ့စိတ်ရောဂါရှိသူအဖွဲ့ဟာ ကျွန်ုပ်တို့နိုင်ငံကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ အနောက်ဘက်ကမ်း(အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းရှိ ဒီမိုကရက်အားကောင်းသော ဒေသများ) က သူ့ရဲ့ရူးသွပ်တဲ့ သူငယ်ချင်းတွေလည်း အပါအဝင်ပေါ့။ သတိထား၊ ငါတို့ စောင့်ကြည့်နေတယ်” လို့လည်း သတိပေးခဲ့ပါတယ်။
Ref, Politico
