◾️ လူရည်ချွန်ဆု ရရှိသူများအတွက် တစ်ဦးလျှင် ရွှေသုံးမတ်သား၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး (၃) ဘာသာနှင့် အထက်ရရှိသူများကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ ဂုဏ်ထူး(၁)ဘာသာနှင့် အထက်ရရှိသည့် စစ်သည်များကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား ဆုချီးမြှင့်
၂၇. ၈. ၂၀၂၅
Written by Nyein Kyaw

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် သင်္ချာစွမ်းရည်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ရာတွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ကြေညာပြီးချိန်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သားသမီးများ၊ စစ်သည်များနှင့် ဘက်စုံထူးချွန်လူငယ်များကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကစ၍ နှစ်စဉ်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုအခမ်း အနားအပါအဝင် (၁၄) ကြိမ်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း/စစ်သည် အစားခန့် အရပ်သား အမှုထမ်းများ၏ သားသမီးများထဲက (၆)ဘာသာ ဂုဏ်ထူးရှင် (၂၀) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၄၆) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၈၈) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရစစ်သည် (၁) ဦး၊ အောင်ချက်အကောင်းဆုံး တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း (၃)ကျောင်းနှင့် အောင်ချက်အကောင်းဆုံး တပ်မတော်ပညာရေး ကျောင်း(၃)ကျောင်း တို့ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ထို့အပြင် လူရည်ချွန်ဆုရရှိသူ (၄၃) ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းဆုရရှိသူ (၂) ဦး၊ သင်္ချာစွမ်းရည်ဆုရရှိသူ (၁) ဦး တို့ကိုလည်း ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်ပြုလုပ်သည့် ဆုချီးမြှင့်ခြင်း အခမ်းအနား များတွင် (၃)ဘာသာ ဂုဏ်ထူးရှင်(၂၄၈) ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၂၃၈) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၃၉၇) ဦးနှင့် တက္ကသိုလ် ပညာသင်ဆုရရှိသူ (၇၈) ဦးတို့ကို လည်း ဆုချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ကျောင်းနေစဉ်ကာလတွင် မိမိတို့ ကျေပွန်အောင်ထမ်းဆောင်ရမည့် ပညာရေးတာဝန်ကို ထူးချွန်စွာ ကျေပွန်အောင် ကြိုးစားခဲ့သည့်အတွက် လူရည်ချွန်ဆု ရရှိသူများအတွက် တစ်ဦးလျှင် ရွှေသုံးမတ်သား၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး(၃)ဘာသာနှင့် အထက်ရရှိသူများကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ ဂုဏ်ထူး(၁)ဘာသာနှင့် အထက်ရရှိသည့် စစ်သည်များကို (၁)ဘာသာလျှင် ရွှေတစ်မတ်သား၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ဆုရရှိသူများကို ပထမဆု ရွှေသုံးမတ်သား၊ ဒုတိယဆု ရွှေငါးမူးသား၊ တတိယဆု ရွှေတစ်မတ်သားနှုန်းစီနှင့် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှက လူရည်ချွန်ဆု ရရှိသူ ၃ ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူ ၁ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများ၊ လူရည်ချွန်ဆုရရှိသူ ၂ ဦး၊ သင်္ချာစွမ်းရည်ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူ ၁ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၁ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်က လူရည်ချွန်ဆု ရရှိသူ ၃ ဦး၊ နိုင်ငံတော်အဆင့် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ၁ ဦး နှင့် ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်ပညာရေးကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လူရည်ချွန်ဆုရရှိသူ ၃ ဦး နှင့် ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၁ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၏ ဇနီးက လူရည်ချွန်ဆုရရှိသူ ၄ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၃ ဦးတို့ အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌ၊ စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ စစ်သည်များအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
