
၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော်မရှင်သို့ စက်တင်ဘာလ ၇ ရက်တွင် နောက်ဆုံးတင်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်(UEC)က အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် (၅၅/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) အရ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉ဝ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၅၀,၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်သည်။
ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (စ) အရ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉ဝ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ၌လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌လည်းကောင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါတီများ အားလုံးပါဝင်နိုင်ရေးအတွက် ရည်မှန်းကာ ပါတီဝင်ဦးရေပြည့်မီစေရေးနှင့် သတ်မှတ်ပါတီရုံးခန်း အရေအတွက် ပြည့်မီအောင်ဖွင့်လှစ်နိုင်ရေး အချိန်မီဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများသို့ ကြိုတင်အကြောင်းကြားခဲ့ပြီး ဖြစ်သည်။ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) နှင့် ( ဇ ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့် နေ့ရက်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက် ( တနင်္ဂနွေနေ့) သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
