◾ တရုတ်ဟာ တိုက်လေယာဥ်တွေနဲ့တွဲဖက် တိုက်ခိုက်ပေးမယ့် AI နည်းပညာသုံး FH-97 ဒရုန်းကို ကမ္ဘာ့ပထမဆုံး တီထွင်အောင်မြင်သူ ဖြစ်လာမလား
သတိုး
၂၀. ၈. ၂၀၂၅
၁။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ စက်တင်ဘာလမှာ ကျင်းပမယ့် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားအတွင်း ခေတ်မီအဆင့်မြင့် တိုက်ခိုက်ရေးစတီးလ်သ် နည်းပညာသုံး ဒရုန်းအသစ်ကို ပြသဖို့ ရှိနေတယ်လို့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ လေ့ကျင့်ရေးပုံတွေကနေ သိရပါတယ်။
FH-97 လို့ခေါ်တဲ့ အဲဒီလေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ်၊ မြေပြင်တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်တစ်စင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စတီးလ်သ်ဒရုန်း ဖြစ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။ ဒါ့အပြင် သူဟာ လူလိုက်ပါတဲ့ တိုက်လေယာဉ်တွေနဲ့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်ရေးကိုပါ လုပ်ဆောင်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေမှာတော့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနဲ့ ဂျပန်နိုင်ငံ လက်နက်ချခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် စစ်ရေးပြ လေ့ကျင့်ခန်းတွေမှာ FH-97 ပါဝင်နေတာကို တွေ့ရပါတယ်။

ဒီမော်ဒယ်ကို တရားဝင်မိတ်ဆက်လိုက်မယ်ဆိုရင်တော့ တရုတ်နိုင်ငံဟာ “သစ္စာရှိတွဲဖက် မောင်းသူမဲ့လေယာဉ် (Loyal Wingman)” လို့ခေါ်တဲ့ ဒီလိုဒရုန်းမျိုးကို တိုက်ပွဲဝင်ဖို့ အသင့်အနေအထားအထိ ပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။
စစ်ရေးပြအခမ်းအနားအတွက် ဒုတိယအကြိမ်မြောက် အပြည့်အစုံလေ့ကျင့်မှုကို စနေနေ့ညနေကနေ တနင်္ဂနွေနေ့မနက်အထိ ထျန်အန်းမင်ရင်ပြင်အနီးမှာ ပြုလုပ်ခဲ့ပြီး စစ်သည်အင်အား ၄၀,၀၀၀ ခန့် ပါဝင်ခဲ့ပါတယ်။
အဆိုပါလေယာဉ်ကို စစ်ကားပေါ်မှာ တင်ထားပြီး ဖုံးအုပ်ထားပေမဲ့ ဒီဇိုင်းပုံစံတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ အစိုးရပိုင် China Aerospace Science and Technology Corporation (AVIC) ရဲ့ လုပ်ငန်းခွဲတစ်ခုက တီထွင်ထုတ်လုပ်ထားတဲ့ FH-97 (သို့မဟုတ် Feihong-97) ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
၂။
‘Loyal Wingman’ (သစ္စာရှိတွဲဖက် မောင်းသူမဲ့လေယာဉ်) ဆိုတဲ့ အသုံးအနှုန်းဟာ ပုံမှန်အားဖြင့် လူသားလေယာဉ်မှူး မောင်းနှင်တဲ့ တိုက်လေယာဉ်တွေနဲ့အတူ အနီးကပ် ပူးပေါင်းပြီး တိုက်ပွဲဝင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒရုန်းတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီဒရုန်းတွေဟာ အလိုအလျောက် ဒါမှမဟုတ် လူသားလေယာဉ်မှူးရဲ့ ထိန်းချုပ်မှုအောက်မှာ AI (Artificial Intelligence) နည်းပညာသုံးပြီး အမိန့်နာခံ အလုပ်လုပ်ဆောင်တာကြောင့် “သစ္စာရှိ” လို့ ခေါ်ဆိုရတာပါ။
တခြားတိုက်ခိုက်ရေးဒရုန်းတွေ ဥပမာ- Predator သို့မဟုတ် Reaper ဟာ မြေပြင်ကနေ လူတစ်ဦးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အဓိက လည်ပတ်ကြပြီး တစ်ဦးတည်းတာဝန်ထမ်းဆောင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါပေမဲ့ ‘Loyal Wingman’ ဒရုန်းတွေဟာ အဓိကအားဖြင့် လူသားလေယာဉ်မှူးမောင်းတဲ့ တိုက်လေယာဉ်နဲ့ အတူတွဲဖက်ပြီး အဖွဲ့လိုက် တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ အထူးပြုလုပ်ထားပါတယ်။
‘Loyal Wingman’ ဒရုန်းဟာ မြေပြင်ကနေ လူက စေလွှတ်လို့ တစ်စင်းတည်းထီးထီး တိုက်ပွဲဝင်တာမျိုးမဟုတ်ဘဲ လူလိုက်ပါတဲ့ တိုက်လေယာဉ်ရဲ့ အဖော်အဖြစ် လိုက်ပါတာကြောင့် အချက်အလက်တွေ၊ သတင်းအချက်အလက်တွေကို ဝေမျှနိုင်တဲ့ အဖွဲ့လိုက် တိုက်ခိုက်ရေးစွမ်းရည် (Teaming Capability) အားသာချက်ရှိပါတယ်။ ဒါ့အပြင် ဒီဒရုန်းတွေဟာ ရှေ့တန်းကနေ တိုက်ပွဲဝင်တာမျိုး (ဥပမာ- ပစ်မှတ်တွေကို အရင် ဝင်ရောက်တိုက်ခိုက်ခြင်း) ကို လုပ်ဆောင်ပေးနိုင်ပြီး လူသားလေယာဉ်မှူးရဲ့ အသက်ကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်တဲ့ ရှေ့တန်းအကာအကွယ် (Front-line Shield) အဖြစ် အသုံးချလို့ရမယ့်အပြင် လူသားလေယာဉ်မှူး မဝင်ရောက်နိုင်တဲ့ အန္တရာယ်များတဲ့နေရာတွေ (ဥပမာ- ရန်သူ့ရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေရှိတဲ့နေရာ) ကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ဒီဒရုန်းတွေကို စေလွှတ်နိုင်တဲ့ စွန့်စားနိုင်မှု (Risk-taking) ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ဒီအားသာချက်တွေအပြင် ‘Loyal Wingman’ တွေဟာ လူသားလေယာဉ်မှူးရဲ့ တိုက်လေယာဉ်ပေါ်မှာ ထပ်ပြီး မတင်နိုင်တဲ့ လက်နက်တွေကို သယ်ဆောင်ပေးနိုင်ပြီး တိုက်ပွဲဝင်နိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးနိုင်တဲ့ အပိုဆောင်း လက်နက်တင်ဆောင်နိုင်မှု (Extra Payload) တွေ လုပ်နိုင်အောင်လည်း တီထွင်နေလို့ အချုပ်ပြောရမယ်ဆိုရင် ‘Loyal Wingman’ ဒရုန်းတွေဟာ လူသားလေယာဉ်မှူးတွေ ဘေးကင်းမှုကို မြှင့်တင်ပေးဖို့နဲ့ သူတို့ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ နည်းပညာအသစ်ဖြစ်ပါတယ်။
၃။
FH-97 လိုမျိုး တိုက်လေယာဉ်တွေနဲ့ တွဲဖက်တိုက်ခိုက်နိုင်တဲ့ ‘Loyal wingman’ ဒရုန်းတွေကို တခြားနိုင်ငံတွေကလည်း အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ တရုတ်နိုင်ငံဟာ အခုလိုမျိုး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ ဒရုန်းကို တရားဝင် ပြသနိုင်မယ့် ပထမဆုံးနိုင်ငံဖြစ်လာနိုင်ပေမယ့်၊ တခြားနိုင်ငံကြီးတွေလည်း ဒီနည်းပညာမှာ အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။

ဒီလိုဒရုန်းတွေ တီထွင်နေတဲ့ အဓိကနိုင်ငံတွေအဖြစ် အမေရိကန်လေတပ်က Skyborg လို့ခေါ်တဲ့ အစီအစဉ်ကို လုပ်ဆောင်နေပြီး ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က တိုက်လေယာဉ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နိုင်မယ့် ဉာဏ်ရည်တု (AI) စနစ်သုံး ဒရုန်းယာဉ်တွေကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ အထင်ရှားဆုံး ဥပမာတစ်ခုကတော့ Kratos XQ-58A Valkyrie လို့ခေါ်တဲ့ ဒရုန်းဖြစ်ပြီး စမ်းသပ်ပျံသန်းမှုတွေ လုပ်ဆောင်နေပါပြီ။
ဒါ့အပြင် ဩစတြေးလျဟာ Boeing MQ-28 Ghost Bat ဆိုတဲ့ ဒရုန်းကို တီထွင်နေပါတယ်။ ဒါဟာ ဩစတြေးလျမှာ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ဒီဇိုင်းထုတ်လုပ်ခဲ့တဲ့ စစ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်ဖြစ်ပါတယ်။ Ghost Bat ဟာ လူသားလေယာဉ်မှူးတွေနဲ့အတူ တွဲဖက်ပြီး ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးတာဝန်တွေကို ထမ်းဆောင်ဖို့ ရည်ရွယ်ထားသလို ဗြိတိန်လေတပ်ဟာ Project Mosquito လို့ခေါ်တဲ့ အစီအစဉ်ကို လုပ်ဆောင်ခဲ့ပေမဲ့ လောလောဆယ်မှာတော့ ရပ်နားထားပြီး အဲဒီလိုစွမ်းဆောင်ရည်မျိုးရှိတဲ့တခြားဒရုန်းတွေကို ဆက်လက်တီထွင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ FH-97 ဒရုန်းဟာ အခုလို စစ်ရေးပြအခမ်းအနားမှာ ပြသဖို့ လေ့ကျင့်နေတဲ့အတွက် တရားဝင်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ဒီနည်းပညာကို ပထမဆုံး တရားဝင်စတင်အသုံးပြုတဲ့ နိုင်ငံဖြစ်လာနိုင်ပြီး၊ ကမ္ဘာ့လေကြောင်းတိုက်ပွဲဆိုင်ရာ စွမ်းရည်တွေမှာ ဦးဆောင်ဦးရွက်ပြုနိုင်တယ်လို့ သုံးသပ်ရပါတယ်။
၄။
စတီးသ်ဒရုန်း (Stealth Drone) လို့ ဘာကြောင့်အထူးပြုသုံးနှုန်းရလဲဆိုရင် အရင်တုန်းက ဒီလိုမျိုး ရေဒါလို၊ အသံလှိုင်းလို၊ အပူကို ခြေရာခံမှုလို ထောက်လှမ်းရေးစနစ်တွေက ဖမ်းမမိနိုင်စေမယ့် စတီးလ်သ်နည်းပညာသုံးဒရုန်းတွေဟာ ထောက်လှမ်းရေးအတွက် အဓိကသုံးခဲ့တာဖြစ်ပြီး FH-97 ဒရုန်းမှာ စတီးသ်နည်းပညာသုံးထားတာဟာ တိုက်လေယာဉ်တွေနဲ့ တွဲဖက်တိုက်ခိုက်နိုင်မယ့်နည်းပညာဖြစ်လို့ FH-97 ဒရုန်းဟာ စတီးလ်သ်နည်းပညာသုံးတိုက်ခိုက်ရေးဒရုန်းမှာတော့ ပထမဆုံးလို့ ပြောရမှာပါ။
FH-97 ဒရုန်းမှာ တပ်ဆင်ထားတဲ့ စနစ်တွေကို အသေးစိတ် တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ အဓိက စွမ်းဆောင်ရည်တွေနဲ့ စနစ်တွေအဖြစ် FH-97 ရဲ့ ဒီဇိုင်းပုံစံဟာ ရေဒါလှိုင်းတွေကို ရှောင်လွှဲနိုင်အောင် ပြုလုပ်ထားတာကြောင့် ရန်သူ့ရဲ့ ရေဒါတွေကနေ အလွယ်တကူ ရှာမတွေ့နိုင်တဲ့အတွက် အန္တရာယ်များတဲ့နေရာတွေမှာ ထိရောက်စွာ အလုပ်လုပ်နိုင်တဲ့ စတီးလ်သ်နည်းပညာ (Stealth Capabilities) ၊ ဒီဒရုန်းဟာ ရန်သူရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူနိုင်ပြီး ရှေ့တန်းကနေ ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်တဲ့ ပစ်မှတ်ရှာဖွေရေးနဲ့ ထောက်လှမ်းရေးစနစ် (Reconnaissance and Surveillance System) အပြင် FH-97 မှာ ရန်သူရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို အနှောင့်အယှက်ပေးနိုင်တဲ့ (Jamming) စွမ်းရည်တွေ ပါဝင်တယ်လို့ ယူဆရတာကြောင့် လူသားလေယာဉ်မှူးရဲ့ တိုက်လေယာဉ်ကို ကာကွယ်ပေးနိုင်တဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ် (Electronic Warfare Systems) တွေ ပါဝင်လာမယ်လို့ ယူဆရပါတယ်။
ဒါ့အပြင် FH-97 မှာ လေကြောင်းကနေ မြေပြင်ကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေအပြင် FH-901 လိုမျိုး ပိုသေးတဲ့ ဒရုန်းတွေကိုလည်း သယ်ဆောင်ပြီး အသုတ်လိုက် ပစ်လွှတ် တိုက်ခိုက်နိုင်တဲ့ စနစ်တွေ ပါဝင်နိုင်တဲ့ လက်နက်တင်ဆောင်နိုင်မှု (Weapons Payload) စနစ်တွေနဲ့ လူသားလေယာဉ်မှူးမရှိဘဲလည်း အလိုအလျောက် ပျံသန်းနိုင်ပြီး ပေးအပ်ထားတဲ့ မစ်ရှင်တွေကို ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့အပြင် လူသားလေယာဉ်မှူးနဲ့ အပြန်အလှန် ချိတ်ဆက်ပြီး အမိန့်တွေကို လိုက်နာဆောင်ရွက်နိုင်တဲ့ စနစ်လည်း ပါဝင်လာမယ့် အလိုအလျောက် ပျံသန်းထိန်းချုပ်စနစ် (Autonomous Flight Control) တွေပါဝင်နိုင်လို့ အချုပ်အားဖြင့်ပြောရရင် FH-97 ဟာ ပုံမှန်တိုက်ခိုက်ရေးဒရုန်းတွေလို တစ်ဦးတည်းတာဝန်ထမ်းဆောင်တာမျိုးထက် လူသားလေယာဉ်မှူးရဲ့ အဖော်အဖြစ် အကာအကွယ်ပေးဖို့၊ အချက်အလက်တွေ မျှဝေပေးဖို့နဲ့ တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်ပေးဖို့ အတွက် အထူးပြုလုပ်ထားတဲ့ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်လို့ အနာဂတ်စစ်ပွဲတွေဟာ လူသားတွေ အသုံးချတာထက် ဒရုန်းတွေ AI တွေ၊ စက်ရုပ်တွေနဲ့ တိုက်ခိုက်ကြတော့မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။
Ref , SCMP, Economic Times,Aviationist , Financial Times & Wiki
