
၂၀.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ဩဂုတ်လ ၁၉ ရက် ညနေပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် သံလမ်းတစ်လမ်းတည်းနဲ့သွားလာတဲ့ရထားတွေဖြစ်တဲ့ မိုနိုရေးလ်(Monorail) ရထားနှစ်စင်းဟာ ဆက်လက် မရွေ့လျားနိုင်တော့ဘဲ မြေပြင်မှအထက် သံလမ်းပေါ်မှာ မိုးရွာသွန်းမှုအောက် ရပ်ဆိုင်းသောင်တင်နေခဲ့တာမှာ ရထားနှစ်စီးမှ ခရီးသည် ၇၈၀ ကျော်တို့မှာ စိုးရိမ်ထိတ်လန့်ပြီး ဗျာများကြရတဲ့အဖြစ်ကို ရောက်ခဲ့ရတယ်လို့သတင်းတွေက ဆိုပါတယ်။။
မိုနိုရေးလ်သံလမ်းက ရွေ့လျားမှု ရုတ်တရက်ပဲရပ်ဆိုင်းသွားခဲ့တာမှာ ရထားတစ်စင်းက Mysore မြို့နယ်အတွင်း ရပ်ဆိုင်းသောင်တင်နေကာ နောက်တစ်စင်းကတော့ Wadala တံတားအနီးရပ်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

Mysore မြို့နယ်အတွင်း ရပ်ဆိုင်းနေတဲ့ မိုနိုရေးလ်ရထားမှာ ခရီးသည် ၅၈၂ ဦးပါဝင်ပြီး သူတို့ကို အထပ်မြင့် မီးလောင်ကျွမ်းမှုတွေမှာ မီးသတ်တပ်ဖွဲ့ကသုံးတဲ့ Snorkel ladder ခေါ် အသက်ရှုပိုက်တွေပါ ပါတဲ့ လှေကားကြီးတွေထောင်ပြီး ရထားတွဲတွေထဲက ခရီးသည်တွေကို တစ်ဦးချင်း ကယ်ထုတ်ခဲ့ရပါတယ်။
Wadala တံတားအနီး ရပ်ဆိုင်းနေခဲ့တဲ့ မိုနိုရေးလ်မှာလည်း ခရီးသည် ၂၀၀ ပါဝင်ပြီး သူတို့ကိုတော့တခြား မိုနိုရေးလ် ရထားတစ်စီးနဲ့ အနီးရှိ Wadala ဘူတာကို ဆွဲပြီး ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
တရားဝင်ထုတ်ပြန်ချက်တစ်ခုအရတော့ မီးသတ်တပ်ဖွဲ့ရဲ့ Snorkel ladders လှေကားတွေ ထောင်ပြီး ခရီးသည်တွေကို ကယ်ဆယ်မှုကြောင့် ညဉ့်နက်ပိုင်းမှာ ခရီးသည် ၇၈၂ ဦးစလုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခရီးသည်တချို့က စိတ်ဓာတ်ကျနေကြပုံရပြီး ၂၃ ဦးကတော့ အသက်ရှုကျပ်တဲ့လက္ခဏာတွေပြခဲ့တယ်လို့ ဘရီဟမ်မွမ်ဘိုင်း စည်ပင်သာယာကော်ပိုရေးရှင်းက ကြေညာခဲ့ပါတယ်။
သူတို့ကို သူနာတင်ယာဉ်တွေနဲ့ ဆေးရုံကိုခေါ်သွားခဲ့ပြီး ကုသမှုပေးကာ ဆေးရုံမှပြန်ဆင်းသွားကြပြီလို့လည်း သိရပါတယ်။ တခြားနှစ်ဦးဖြစ်တဲ့ အသက် ၂၀ နှစ်ရှိ ကစ်မတ်ကူးမားနဲ့ အသက် ၂၈ နှစ်ရှိ ဗီဗက် ဆိုနာဗိန်း တို့ကိုလည်း Sion ဆေးရုံကြီးကိုတင်ပို့ခဲ့ပြီး အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။
Ref- Hindustan Times
