၁၈. ၈. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ( ၅၅ / ၂၀၂၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC)က ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို ၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် ) တနင်္ဂနွေနေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်မဲဆန္ဒနယ်များအဖြစ် ကြေညာချက်အမှတ် (၅၀/၂၀၂၅) ဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် (၅၁/၂၀၂၅) ဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် (၅၂/၂၀၂၅) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် (၅၃/၂၀၂၅) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကို လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ သတ်မှတ်ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား FPTP ဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၃၃၀ ခု၊ FPTP နှင့် PR စနစ်နှစ်မျိုးဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၁၀ ခု၊ MMP ဖြင့် ကျင်းပမည့် တိုင်းနှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေ ၃၆၄ ခုနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ ခုတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
