◾️ မန္တလေးတိုင်း ပလိပ်ဒေသတွင်လည်း ရှေးဟောင်းဘုရား ၂၉၄ ဆူအနက် ၂၄၉ ဆူ ထိခိုက်ပျက်စီးခဲ့
၁၈. ၈. ၂၀၂၅
Written by Nyein Kyaw
စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး စုစုပေါင်း ၁၁၈ ခုအနက် ပထမဦးစားပေးအဆင့်ပြုပြင်ရန် ဘုရား ၉၅ ဆူမှ နှစ်ဆူဆောင်ရွက်ပြီး ဘုရား ၁၀ ဆူကို ဆက်လက်ဆောင်ရွက်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပလိပ်ဒေသတွင်လည်း မန္တလေးငလျင်ကြီးကြောင့် ရှေးဟောင်းဘုရား ၂၉၄ ဆူအနက် ၂၄၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်လှူဒါန်းလိုသော အလှူရှင်များ၏ လှူဒါန်းမှု၊ ဂေါပကအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင်မှုတို့ဖြင့် မူလဓာတ်ပုံများ၊ အထောက်အထားများအတိုင်း ပြန်လည်ပြုပြင်လျက်ရှိရာ လေးဆူပြုပြင်ပြီးစီးပြီး နှစ်ဆူပြုပြင်နေဆဲဖြစ်ကြောင်း သိရသည်။
ပလိပ်ဒေသသည် ရှေးမြို့ဟောင်းတစ်ခု မဟုတ်သော်လည်း ရှေးမြန်မာလူမျိုးတို့ အစုအဝေးအလိုက်နေထိုင်ခဲ့ပြီး ရှေးဟောင်းစေတီပုထိုးများ အစုလိုက်အတန်းလိုက်တွေ့ရှိရသော ရှေးဟာင်းအမွေအနှစ်ပစ္စည်းများရှိသည့် နေရောဒေသတစ်ခုဖြစ်သည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရားများအား ပြန်လည်ပြုပြင်ရန် လှူဒါန်းလိုပါက ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဂေါပကအဖွဲ့များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မန္တလေး၊ စစ်ကိုင်းဒေသရှိ ရှေးဟောင်းဘုရားများပြုပြင်ရန် လှူဒါန်းထားခဲ့သည့် အလှူရှင်များအနေဖြင့် မိမိတို့ဘိုးဘွား၊ မိဘအဆက်ဆက်လှူဒါန်းခဲ့သည့် ရှေးဟောင်းဘုရားများ ထိခိုက်ပျက်စီးမှု ရှိ/မရှိ သိရှိလိုပါက အထက်ပါဌာနများသို့ဖြစ်စေ၊ myanmarearthquake.gov.mm Website တွင်ဖြစ်စေ စုံစမ်းမေးမြန်းကြည့်ရှုနိုင်ကြောင်းနှင့် ပျက်စီးမှုပြန်လည်ပြုပြင်လိုပါကလည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
