SAC ဥက္ကဋ္ဌထံ မွန်ပြည်သစ်ပါတီ လာရောက်တွေ့ဆုံခဲ့ချိန် တွေ့ရစဥ်

MT News

Written By Myo Khine

မွန်ပြည်သစ်ပါတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်၌ တွေ့ဆုံရန် ရှိနေကြောင်း PPST ၏ တာဝန်ရှိသူက ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၅ ရက် နောက်ပိုင်းတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်းနှင့် အဆိုပါ တွေ့ဆုံပြီးနောက် ပြည်ထောင်စုနေ့ အခန်းအနားကို တစ်ပါတည်း တက်ရောက်ရန် ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“မွန်ပြည်နယ်နေ့ပြီးရင်သွားမှာ။ ဖေဖော်ဝါရီ ၅ ရက်က မွန်အမျိုးသားနေ့ ကျတယ်လေ။ တပို့တွဲ လပြည့်ကျော် တစ်ရက်နေ့ပေါ့။အဲဒီ မွန်အမျိုးသားနေ့ပြီးရင် မွန်အဖွဲ့သွားမယ်။သူတို့သွားလိုက်ရင်လည်း ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ဖိတ်တာနဲ့ တွဲမယ်ထင်တယ်။ တစ်ခေါက်တည်းနဲ့ပြည်ထောင်စုနေ့ပါတက်လိုက်ရင် ပြီးသွားပြီ။ မဟုတ်ရင်လည်း ပြည်ထောင်စုနေ့ကတစ်ခေါက် ဆွေးနွေးပွဲကတစ်ခေါက် ၂ခေါက်ဖြစ်နေမယ်”ဟု အဆိုပါ တာဝန်ရှိသူက MT News ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်က ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့အဖွဲ့ နေပြည်တော်၌ တွေ့ဆုံကာ အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြသေးသည်။

ယင်းမှာ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ကိစ္စ၊ ဖက်ဒရယ်ကိစ္စ နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စတို့ဖြစ်ပြီး မွန်ပြည်သစ်ပါတီ အနေဖြင့်လည်း အဆိုပါ အချက်များကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက နေပြည်တော်၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA –PC ၊လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC)တို့ တွေ့ဆုံခဲ့ကြသေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ NMSP နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က မတက်ရောက်ခဲ့ကြဘဲ RCSS အနေဖြင့် ဇန်နဝါရီ ၂၄ ရက်က သီးသန့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ ယခုအခါ မွန်ပြည်သစ်ပါတီနှင့် NSPNC တို့ ထပ်မံ သီးသန့်တွေ့ဆုံရန် ရှိနေခြင်းလည်း ဖြစ်သည်။

ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ၏ အဖွဲ့ဝင် ၅ ဖွဲ့ အနေဖြင့် NSPNC နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးရာတွင် အချက် ၄ ချက်ကို သဘောတူခဲ့ကြသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်း ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခင်ဆွေးနွေးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဆွေးနွေးရန် ကျန်နေသေးသည့် အချက်များကို ထပ်မံ ဆွေးနွေးရန် ရှိနေကြောင်း MT News ကို ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *