April 29, 2024

MT News

Written by Naing Thuta

မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ ချမ်းအေးသာစံမြိုနယ်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ကို အိုးဘိုအကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ – ၄၀၉ ဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း ရှေ့နေများအသိုင်းအဝိုင်းမှ သိရသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးမှ ” ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်က ဒေါက်တာရဲလွင်က ၅၀၅(ခ)အမှုနဲ့ အရင်ချမှတ်ထားတဲ့ ပြစ်ဒဏ်လွှတ်ရက်စေ့တာဖြစ်ပြီး အဲဒီရက်မတိုင်ခင် အောက်တိုဘာ ၃၁ ရက်နေ့က အခုကျခံရတဲ့အမှုနဲ့ ထပ်မံတရားစွဲဆိုခံရပြီး ဒီနေ့မှ ၂ နှစ်ထပ်ချလိုက်တာပါ” MT Newsသို့ ပြောသည်။

ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅(ခ)ဖြင့် ယခင်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရပြီး၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၁ ရက်က ပြန်လည်လွတ်ရက်စေ့မည်ဖြစ်သော်လည်း အောက်တိုဘာ ၃၁ ရက်က ပုဒ်မ(၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် ထပ်မံတရားစွဲခဲ့ပြီး ယနေ့တွင်မူ ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ ချမ်းအေးသာစံမြိုနယ်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျသည်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် လွတ်ရက်စေ့ကာ ပြန်လည်လွတ်မြောက်လုနီးတွင် ပုဒ်မ(၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် ထပ်မံတရားစွဲခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ပြန်လည်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ အရ ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျုးလွန်ပါက ပြစ်မှုထင်ရှား စီရင်ခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းပြဌာန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *