◾️ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၁၆၆,၆၃၅ မှု လက်ခံရရှိပြီး အမှုပြီးပြတ်မှုနှုန်း ၉၉ ရာခိုင်နှုန်းကျော်ရှိ
၁၆. ၈. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲဖျက်ဆီးခြင်းကြောင့် တရားစွဲဆိုလာသည့် အမှုများကို မြန်ဆန်စွာစစ်ဆေးပြီး ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ဩဂုတ်လ ၁၄ ရက်တွင် ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင်စနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ တွေ့ဆုံစဉ် မှာကြားခဲ့သည်။
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်၍ ယင်းဥပဒေအရ စွဲဆိုလာသည့်အမှုများကိုလည်း မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြပြီး ပြစ်မှုထင်ရှားပါက ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားသည်။
ထို့ပြင် တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားသည်။
မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်းပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်တို့တွင် ရာဇဝတ်အမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် ၂၄,၉၆၃ မှု၊ လက်ခံရရှိမှု ၁၄၇,၄၇၀ ဖြစ်ပြီး ၁၄၇,၀၁၂ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၂၅,၄၂၁ မှု ကျန်ရှိကြောင်း၊ တရားမအမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် ၂၉၂,၉၉ မှု၊ လက်ခံရရှိမှု ၁၉,၁၆၅ မှုဖြစ်ပြီး ၁၉,၂၅၈ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၂၉,၂၀၆ မှု ကျန်ရှိကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၁၆၆,၆၃၅ မှု လက်ခံရရှိပြီး ၁၆၆,၂၇၀ စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၉၉ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း အမှုများမှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားသည်။
