
သတိုး
၁၅. ၈. ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့တင်သွင်းလုပ်နေတဲ့ ဒေါနတောင်ဖြတ် တောလမ်းတွေကိုထိန်းချုပ်ထားတဲ့ KNU PDF နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လမ်းကြေးကောက်ခံမှုတွေကတစ်ဆင့် တစ်လပျမ်းမျှ မြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်းဝန်းကျင်အထိရရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က ထုတ်ဖော်ရေးသားမှုအပြီး တစ်နှစ်နီးပါးအကြာမှာတော့ မြဝတီကနေ တစ်ဆင့်တင်သွင်းနေပြီး KNU အတွက် အဓိက အကျိုးအမြတ်ရရှိနေတဲ့ ထိုင်းသွင်းကုန်တွေကို မြန်မာဘက်က အဝင်မခံ စိစစ်မှုစနေတာကြောင့် လက်နက်ကိုင်တွေရဲ့ ဝင်ငွေစီးကြောင်းတစ်ခုကို ယာယီဖြတ်တောက်ထားနိုင်ပြီလို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ Thai PBS သတင်းဌာနက ဖော်ပြရာမှာ မြန်မာနိုင်ငံပြည်မကို တင်ပို့မယ် ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး ၅၀၀ ခန့်ဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ မဲဆောက်-မြဝတီ နယ်စပ်ဂိတ် (၂) ရှေ့မှာ မနေ့ကစ ပိတ်မိနေပြီး တပ်မတော်က ကုန်စည်ပို့ဆောင်မှုအပေါ် ထိန်းချုပ်မှုကို တင်းကျပ်လိုက်တာကြောင့်လို့ အခုလို ဖော်ပြထားပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရားမဝင်သွင်းကုန်တွေဖမ်းဆီးမှုပိုမိုကြပ်မတ်ဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေကို အရေးယူဖို့ပါပြောခဲ့တာကြောင့်လို့ ဖော်ပြခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဩဂုတ် ၁၂ ရက်မှာ နယ်စပ်ဒေသက လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ တရားမဝင်ကုန်သွယ်မှုကရရှိနေတဲ့ ဆက်ကြေးတွေနဲ့ သူတို့အင်အားကို ပိုမိုတည်ဆောက်လာနေတာကြောင့် တရားမဝင်ကုန်သွယ်ရေးကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ မှာကြားခဲ့ပါသေးတယ်။
“ထိုင်းကုန်တင်ကားတွေကို ပိတ်ထားတဲ့ကိစ္စက
နောက်တောင်ကျနေသေးတယ်။ အမှန်က အာရှလမ်းကို ပိတ်လိုက်ကတည်းက ထိုင်းနဲ့ ကုန်သွယ်မှုကို ရပ်ပစ်လိုက်ရမှာ။ တောလမ်းက အတက်အဆင်းလုပ်နေတဲ့ ကားတွေကို ဖမ်းရမှာ။ KNU ကို မွေးထားတာ ထိုင်းပဲ။ စောကွယ်ထူးဝင်း (KNU ဥက္ကဋ္ဌ) ရော နယ်ဒါးမြ(KTNL ဥက္ကဋ)္ဌပါ
ထိုင်းနိုင်ငံသား ခံယူထားသူတွေပဲ။ အခု
တောလမ်းကို ဖွင့်ပေးထားတဲ့အတွက် သိန်းပေါင်း ကုဋေနဲ့ချီပြီး လက်နက်ကိုင်တွေရသွားတာ။”လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
KNU နဲ့ PDF တွေဟာ ၂၀၂၃ ဒီဇင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲခေါင်းစဥ်အောက်မှာ ကော့ကရိတ်မြို့ကို ဝင်သိမ်းပြီးချိန်ကစ အာရှလမ်းမကြီးကို ပိတ်ထားလိုက်တာကြောင့် ထိုင်းနိုင်ကနေ သွင်းကုန်၊ ပို့ကုန်ပို့တဲ့ လုပ်ငန်းတွေဟာ KNU နဲ့ PDF ကို ကားတစ်စီးသိန်းဆယ်ချီ ဖြတ်သန်းခ ဆက်ကြေးပေးနေရတာကြောင့် လစဥ်ကျပ်သိန်းပေါင်း သောင်းချီ အကျိုးအမြတ်ရနေခဲ့ပါတယ်။
KNU နဲ့ PDF တွေက ဒီလို ဆက်ကြေးရမှုနောက်မှာ ချမ်းသာကြွယ်ဝလာပြီး အင်အားတိုးချဲ့တည်ဆောက်လာနိုင်ပေမဲ့ ဒီအင်အားတိုးချဲ့မှုနောက်ကပါလာတဲ့ စစ်ပွဲနဲ့ ဆက်ကြေးတောင်းမှုကြောင့် မြင့်တက်လာတဲ့ကုန်စျေးနှုန်းဒဏ် ပြည်သူတွေက အဆမတန်ခံနေရပြီး ထိုင်းထုတ်ကုန်တွေဟာဆို ပြည်တွင်းစျေးကွက်မှာ အရင်ထက်လေးဆလောက် စျေးတက်နေပါတယ်။
Ref, Thai PBS
