၁၄.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ရဲ့ အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်မှာ ဩဂုတ်လ ၁၅ ရက်မှာတွေ့ဆုံကြမယ့် ယူကရိန်းစစ်ပွဲအပစ်အခတ်ရပ်စဲရေး ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီး ပါဝင်တက်ရောက်ဖို့လိုမှာမဟုတ်ဘူးလို့ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ယူကရိန်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ နီကိုလေ အဇာရော့ဗ်က Tass သတင်းဌာနကို ပြောခဲ့တယ်လို့ ဩဂုတ်လ ၁၄ ရက်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်က အဆုံးအဖြတ်ပေးရမယ့်နေရာမှာရှိနေရင်လည်း ကျွန်တော့အနေနဲ့ သူ့ကို(ဇယ်လန်စကီး) ဖိတ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက ရုပ်သေးရုပ်တစ်ရုပ်အဆင့်ပဲရှိတာလေ။ သူ့ကိုပြော လာတာကိုပဲလုပ်မှာ။ တခြားဘာမှဆုံးဖြတ်မှာမဟုတ်ဘူး” လို့ အဇာရော့ဗ်က ဆက်ပြောခဲ့ပါတယ်။
အဇာရော့ဗ်ရဲ့ပြောကြားချက်အရတော့ ထိပ်သီးဆွေးနွေးပွဲမှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေက်ု အကောင်အထည်ဖော်ဖို့ရာ ထရမ့်ပ်မှာ ဇယ်လန်စကီးကို တွန်းအားပေးဖို့ လက်နက်ကိရိယာ အပြည့်အစုံ ရှိလိမ့်မယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က သူနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ အလက်စကာပြည်နယ်မှာ ဩဂုတ် လ ၁၅ ရက်မှာတွေ့ဆုံကြမယ်ဆိုတာ ဩဂုတ်လ ၈ ရက်ထဲက ပြောခဲ့ပါတယ်။ နေရာနဲ့ အချိန်ကို ရုရှားသမ္မတရဲ့လက်ထောက် ယူရီ ယူရှာကော့ဗ်ကလည်း နောက်ပိုင်းမှာအတည်ပြုခဲ့ပြီး သမ္မတနှစ်ဦးဟာ ယူကရိန်းစစ်ပွဲ ပြဿနာဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ သူကပြောခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ အလက်စကာမှာပြီးရင် သမ္မတနှစ်ဦးဟာ နောက်တစ်ကြိမ်မှာ ရုရှားနိုင်ငံအတွင်းမှာ တွေ့ဆုံကြဖို့ မျှော်လင့်တယ်ဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်မှာတော့ သတင်းအရင်းအမြစ်အတော်များများကလည်း အလက်စကာထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်လိမ့်မှာမဟုတ်ဘူးလို့ မျှော်လင့်ရတယ်ဆိုတာ ဖော်ပြခဲ့ကြပါတယ်။
Ref- Tass News
