◾️ ဒီဇယ်ဈေးနှုန်း ပြန်တည်ငြိမ်လာသော်လည်း ဈေးနှုန်းကျဆင်းနေသည့် ဓာတ်ဆီဈေးနှုန်း ပြန်မြင့်တက်လာ
၁၄. ၈. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် လေးလခွဲအတွင်း ဒေါ်လာ ၅၁၉ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ငါးကြိမ်ထုတ်ရောင်းပေးခဲ့၍ စုစုပေါင်းဒေါ်လာ ၁၅၃ သန်းရှိပြီး ယခုထပ်မံထုတ်ရောင်းပေမည့် ဒေါ်လာ ၃၂ သန်းအပါအဝင် ယခုဩဂုတ်လတွင် နှစ်ကြိမ်ရောင်းချပေးမှု စုစုပေါင်း ဒေါ်လာ ၆၂ သန်းဖြစ်သည်။ ယခုဘဏ္ဍာနှစ်လေးလခွဲအတွင်း စုစုပေါင်းဒေါ်လာ ၅၁၉ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်အတွင်း ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသော်လည်း ဇူလိုင်လကုန်ပိုင်းတွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်မှုမရှိခဲ့ဘဲ ကျဆင်းမှုပင်ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင်လကုန်ပိုင်းတွင် ကျဆင်းခဲ့သည့် ဓာတ်ဆီဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်း တစ်လီတာ ၆၀ ကျပ် ပြန်လည်မြင့်တက်မှုရှိပြီး ဒီဇယ်အမျိုးအစားများသည် ဇူလိုင်လကုန်ပိုင်းတွင် အနည်းငယ်မြင့်တက်ခဲ့သော်လည်း ယနေ့အထိ အဆိုပါဈေးနှုန်းအတိုင်း တည်ငြိမ်လျက်ရှိသည်။
ဓာတ်ဆီဈေးနှုန်းသည် ဩဂုတ်လ ၇ ရက်နေ့ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်လီတာ ၆၀ ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်ဈေးနှုန်းသည် အဆိုပါကာလအတွင်း တစ်လီတာ ၈၀ ကျပ်ဝန်းကျင် မြင့်တက်ခဲ့မှုရှိသော်လည်း ဩဂုတ် ၂ ရက်မှစ၍ ဈေးနှုန်းပြောင်းလဲမှုမရှိ တည်ငြိမ်လျက်ရှိသည်။
ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၄၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၉၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၇၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၃၅၅ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။

