၁၄. ၈. ၂၀၂၅
Translated by Thettant
ဘရာဇီးနိုင်ငံတောင်ပိုင်း၊ ပါရာနာပြည်နယ်၊ ကွာထရိုဘားရပ်စ်မြူနီစီပယ်ဒေသရှိ အရပ်ဘက်သုံးဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များ အဆိုအရ သိရသည်။
ပြည်နယ် မြို့တော် Enaex Brasil ရှိ စက်မှုဇုန်ဧရိယာအနီး Enaex Brasil ကုမ္ပဏီ အဆောက်အအုံများတွင် အင်္ဂါနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Enaex Brasil ကုမ္ပဏီ၏ ကြေညာချက်တစ်ခုတွင် သေဆုံးသူ ၉ ဦးစာရင်းရှိကြောင်း ဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦးကိုမူ ပေါက်ကွဲမှု ဖြစ်ပွားသောနေရာတွင် ကုသမှုများဆောင်ရွက်ခဲ့ကြောင်း ကုမ္ပဏီမှ ထပ်မံပြောဆိုခဲ့သည်။
”၁ ဒသမ ၅ ကီလိုမီတာ (၀ ဒသမ ၉ မိုင်) ခန့် အချင်းဝက်အတွင်းမှာ ပြတင်းပေါက်တွေ ကွဲ၊ အဆောက်အအုံတွေ ပျက်စီးပြီး ကြီးမားတဲ့ လေလှိုင်းတွေနဲ့ ထိမှန်သွားတဲ့ အိမ်တွေရှိပါတယ်” ဟု မီးသတ်ဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည့် နေရာတွင် တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သေဆုံးသူများမှာ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ပြီး သေဆုံးသူများ၏ ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွားပျက်စီးနေသောကြောင့် မည်သူမည်ဝါဆိုသည်ကို အတည်ပြုရန် DNA စစ်ဆေးရန် လိုအပ်ကြောင်း Parana ပြည်နယ်ပြည်သူ့ လုံခြုံရေး အတွင်းရေးမှူး Hudson Teixeira က သတင်းစာရှင်းလင်းပွဲတွင်တစ်ခုတွင် ပြောဆိုခဲ့သည်။
Enaex သည် ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အရပ်ဘက်သုံး ဖောက်ခွဲရေးပစ္စည်းများကို ထုတ်လုပ်သည်။ ဖြစ်စဥ်မှာ ကုန်တင်ကားတစ်စီးပေါ် တင်ဆောင်မည့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများကို အလုပ်သမားများက ရွှေ့ပြောင်းနေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Teixeira ၏ အဆိုအရ သိရသည်။
ကုမ္ပဏီသည် သေဆုံးသူများ၏ မိသားစုများကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ရခြင်း အကြောင်းရင်းကို ရှင်းလင်းနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များကမူ ဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
Enaex ကုမ္ပဏီ ထုတ်ကုန်များတွင် စက်မှုလုပ်ငန်းသုံး အဆင့်မြင့် အမိုနီယမ်နိုက်ထရိတ်ကို ထုတ်လုပ်ပြီး ကမ္ဘာပေါ် တတိယအကြီးဆုံး ထုတ်လုပ်သူလည်းဖြစ်ကာ သတ္တုတွင်းတူးဖော်ရာတွင် အသုံးပြုသည့် စွမ်းအင်မြင့် ဖောက်ခွဲရေးပစ္စည်းများ (Explosives) နှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ (Blasting Agents) အပြင် ဖောက်ခွဲရာတွင် လိုအပ်သည့် Detonators စနစ်တွေကိုလည်း ထုတ်လုပ်သည်။ Enaex သည် ထိုထုတ်ကုန်များကို ရောင်းချရုံသာမကဘဲ သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သတ္တုဖောက်ခွဲမှုလုပ်ငန်းစဥ် Blasting services နှင့် နည်းပညာဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်နေသည်။
Ref, Xinhua & BBC


