
၁၃.၈.၂၀၂၅
Written By Zun
လေးကြိမ်မြောက် လေလံမအောင်ခဲ့သည့် အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)ရှိ နေအိမ်မပါ သည့် မြေတစ်ဝက်ကို ကနဦးရောင်းချရန် လျှောက်ထားချက်ကို သြဂုတ်လ ၇ ရက်တွင် ကမာရွတ်ခရိုင် တရားရုံးက ပယ်ချခံခဲ့ရပြီးနောက် ယနေ့ သြဂုတ်လ ၁၃ ရက် ရုံးချိန်း၌ ဦးအောင်ဆန်းဦးဘက်က တင်ပြရမည်ဖြစ်သော်လည်း အဆင်သင့်မဖြစ်သေး၍ မတင်ပြခဲ့ကြောင်း သိရသည်။
“ဒီနေ့ ရုံးချိန်းနဲ့အတူ ရုံးချိန်း ၂ ချိန်း ချိန်းထားတယ်။ချိန်းထားတဲ့အပေါ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့မှာ တန်းပြီး ချတာ။ ဒီနေ့က ဦးအောင်ဆန်းဦးဘက်က တင်ပြရမယ့် နေ့။ ဒါပေမဲ့ တင်ပြဖို့အတွက် အဆင်သင့်မဖြစ်တာကြောင့် မတင်ပြခဲ့ရဘူး။ နောက်ထပ် ရုံးချိန်းတွေမှာတော့ တင်ပြဖြစ်မယ်”ဟု ဦးအောင်ဆန်းဦးဘက်က ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူက MT News ကို ပြောသည်။
ယင်း အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)ရှိ နေအိမ်မပါသည့် မြေတစ်ဝက်ကို ကနဦးရောင်းချရန် ဦးအောင်ဆန်းဦးဘက်က မေလ ၂၉ ရက်တွင် တင်ပြလျှောက်ထားခဲ့ပြီးဖြစ်၍ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေများက ဇွန်လ ၅ ရက်တွင် ကန့်ကွက်ကြောင်း လျှောက်လဲချက်ပေးခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ရင်နှစ်သည်းခြာ ဩရသသားကြီး ဦးအောင်ဆန်းဦးနှင့် သမီးထွေး ဒေါ်အောင်ဆန်းစုကြည်တို့ အမွေလုနေကြသည့် ခြံအမှတ်(၅၄)ကို ကျပ် ၃၁၅ ဘီလျံဖြင့် ပြီးခဲသည့် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ပထမအကြိမ် လေလံပစ်ပြီးနောက် ကျပ်ငွေ ၃၁၅ ဘီလျံအစား ကျပ် ၂၈၅ ဘီလျံသို့ ပြောင်းလဲ ပြင်ဆင်ခွင့်တင်ခဲ့သော်လည်း တရားရုံးက ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ အဖြစ် သတ်မှတ်သောကြောင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဒုတိယအကြိမ် လေလံကို ကျပ်ဘီလျံ ၃၀၀ ဖြင့် လေလံပစ်ခဲ့သည်။
ဒုတိယအကြိမ်လေလံ မအောင်မြင်မှုနောက်တွင် ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကို ကျပ်ဘီလျံ၂၉၀ သို့ လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ရုံးချိန်းတရားရုံး၌ တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဒီ ဇင်ဘာလ ၁၈ ရက်ရုံးချိန်းတွင် ကျပ် ၃ ဘီလျံလျှော့ချပြီး ကျပ် ၂၉၇ ဘီလျံဟု တရားရုံးက သတ်မှတ်သဖြင့် ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်က ပြုလုပ်သည့် တတိယအကြိမ်လေလံတွင် ကျပ် ၂၉၇ ဘီလျံဖြင့် လေလံပစ်ခဲ့သည်။
ထိုသို့ စျေးနှုန်းလျှော့ချနေသော်လည်း လေလံမအောင်ပြန်သဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဦးအောင်ဆန်းဦးဘက်က ဈေးနှုန်း လျှော့ချတင်ပြခဲ့သည့်အပေါ် မတ်လ ၂၅ ရက် ရုံးချိန်းတွင် တရားရုံးက ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချခြင်းကို အတည်ပြု သတ်မှတ်လိုက်ပြီးနောက် ဧပြီလ ၂၉ ရက်တွင် ကျပ် ဘီလျံ ၂၇၀ ဖြင့် စတုတ္ထအကြိမ် လေလံပစ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း MT News က အသီးသီး ဖော်ပြခဲ့ပြီး ဖြစ်သည်။
